နေပြည်တော်၊ ဧပြီ ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့် မဲစာရင်းမှန်ကန်စေရေး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက်သည် သတ်မှတ်ကာလအတွင်း လျာထားသတ်မှတ်ချက် ပြည့်မီအောင် ဆောင်ရွက်ရမည့် စီမံချက်ဖြစ်သည်နှင့်အညီ ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုတွင် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီပြီးစီးနေပြီဖြစ်ပါကြောင်း၊ အချို့တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းနေပြီဖြစ်သော်လည်း လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်တချို့ ရှိနေသည့်အတွက် တိုင်းလုံးကျွတ်ပြီးစီးရန် ကြန့်ကြာနေကြသည်ကို တွေ့ရပါကြောင်း၊ မည်သည့်အခက်အခဲ၊ အဟန့်အတားများ ရှိနေပါစေ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီ ပြီးစီးရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ကာ လုပ်နိုင်သမျှသောနည်းလမ်းများ ရှာကြံ၍ မဖြစ်မနေ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊
မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်ဆောင်ရွက်မှုနှင့်အညီ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် မိမိတို့ဌာနအပါအဝင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နည်းပညာဆိုင်ရာ အဖွဲ့အစည်းများနှင့် လုပ်အားပေးကူညီ ဆောင်ရွက်ပေးသူများဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့် နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ရှိ စာရင်းအချက်အလက်များအား နည်းပညာအကူအညီ၊ စက်ကိရိယာ ပစ္စည်းအင်အား၊ လူအင်အားတို့ဖြင့် ကွန်ပျူတာအတွင်း ဖြည့်သွင်းဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကို သတ်မှတ်ကာလအတွင်း အောင်မြင်ပြီးစီးရေးအတွက်လည်း ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ကာ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်ရှိအခြေအနေအရ လုပ်ငန်းဆိုင်ရာကြုံတွေ့နေရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ပန်းခင်းစီမံချက် လုပ်ငန်း ဆောင်ရွက်မှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်-၄ မှတ်တမ်းများကို ကွန်ပျူတာဖြင့် ဖြည့်သွင်း ဆောင်ရွက်နေမှု၊ နယ်မြေဒေသအလိုက် ပြည်သူများကို နိုင်ငံသားကတ် ပါရှိခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆိုင်ရာများကို ဖြည့်စွက်တင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


