မန္တလေး၊ ၊ ဧပြီ ၂၅

ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) သို့ သွားရောက်ပြီး သင်ကြားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် အဆောက်အဦများ ထိန်းသိမ်းထားရှိမှု၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ဝန်ထမ်းရေးရာ ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အုပ်ချုပ်မှုပင်မ (၆) ထပ် အဆောင်သစ်အတွင်းရှိ စာသင်ခန်းများ အခြေအနေ၊ Skill Lab အတွက် ဝယ်ယူထားသည့် သင်ကြားမှု/ သင်ယူမှု အထောက်အကူပစ္စည်းများ၊ Maternal Simulation Model အသုံးပြု၍ ကွန်ပျူတာစနစ်ဖြင့် ကိုယ်ဝန်ဆောင် မိခင်ပုံသဏ္ဍာန်တူ ဖြင့် သင်ကြားလေ့ကျင့်နိုင်မည့် အခြေအနေ၊ တက္ကသိုလ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ကျန်းမာရေးလူ့ စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များနှင့် တာဝန် ရှိသူများကို ဆေးတက္ကသိုလ် (မန္တလေး)၊ ဇီဝကစာသင်ဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များ၏ သင်ကြားရေးကဏ္ဍတွင် လိုအပ်သော သင်ကြားရေးဆရာ/ ဆရာမများ ခန့်ထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဆရာများအနေဖြင့် သက်ဆိုင်ရာ တူညီသည့်ဘာသာရပ်အလိုက် သက်ဆိုင်ရာ တက္ကသိုလ်များနှင့် ညှိနှိုင်း၍ သင်ကြားပေးသွားရန်ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များမှ ကျောင်းသား/သူများ ဆေးရုံများတွင် လက်တွေ့သင်ကြားခြင်း၊ ကွင်းဆင်း ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေးခြင်းနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ကြိုတင်ညှိနှိုင်းထားရှိခြင်းများကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊။

ဆေးနှင့်ဆေးနှီးနွယ် တက္ကသိုလ်များသို့ သက်ဆိုင်ရာကျောင်းသားများအနေဖြင့် ဝင်ရောက်ရမည့် နေ့ရက်များနှင့် ကျောင်းတွင် အဖက်ဖက်မှ ကြိုတင်ပြင်ဆင်ထားသည့် သင်ကြားမှု/သင်ယူမှု ဆိုင်ရာ သတင်းအချက်အလက်များနှင့်ပတ်သက်၍ ကျောင်းသားများနှင့်သက်ဆိုင်ရာမိဘများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြသူများ ဖြစ်ပြီး အများစုမှာ ပြည်သူ့ဆေးရုံများတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် ရရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်အပေါ် မှီခိုနေကြရသူများဖြစ်ပါကြောင်း၊ ပြည်သူများ အနေဖြင့် ပုဂ္ဂလိကဆေးရုံများသို့ တက်ရောက်ကုသရန် အများစုမှာ ငွေကြေးမတတ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများအနေဖြင့်လည်း ဆေးပညာရှင်တို့၏ သစ္စာအဓိဌာန်နှင့် ကျင့်ဝတ်ကို ဦးထိပ်ထား၍ ပြည်သူတို့အား ကျန်းမာရေး စောင့်ရှောက်မှုကို အတ္တပရမျှတစွာ မျှမျှတတဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများက မန္တလေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့် ဒေါက်တာတင်ထွန်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်းပေးသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ် (မန္တလေး)၊ (၅) ထပ် စာသင် ဆောင်အတွင်းရှိ အစုအဖွဲ့ငယ်များအလိုက် သင်ကြားမှု၊ သင်ယူမှုပြုနိုင်မည့် စာသင်ခန်းငယ်များ၊ စာသင်ခန်းမကြီးများတွင် သင်ကြားမှု၊ သင်ယူမှု အထောက်အကူပစ္စည်းများနှင့် ပြင်ဆင်ထားရှိမှုများ၊ သင်ကြားမှု၊ သင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ရရှိစေရေး ပြင်ဆင်ထားရှိမှု၊ စာသင်ခန်း၊ စာသင်ဆောင်များ ပြင်ဆင်ဆောင်ရွက်ရန်အချက်များနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ သင်ကြားမှု၊ သင်ယူမှု အထောက်အကူပစ္စည်းများ ဝယ်ယူစုဆောင်း ထားရှိမှုနှင့် Skill Lab ဆောင်ရွက်ရန် ပစ္စည်းများ ဝယ်ယူစုဆောင်းထားရှိမှုနှင့် သင်ထောက်ကူ ပစ္စည်းများ မပျက်စီးစေရေး စနစ်တကျထိန်းသိမ်းထားရှိသည့် အခြအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်