အောင်ထက်လင်း (ကြိမ်ချောင်း)

 

ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံအများစုတွင် စီးပွားရေးအခက်အခဲ ကြုံတွေ့နေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ကြုံတွေ့ခဲ့ရသည်။ မြန်မာတို့ ကံကောင်းသည်မှာ စားဝတ်နေရေးအခြေခံဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက် နိုင်ခြင်းဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှာ ကျေးလက်နေပြည်သူ လူထု ၇ဝ ရာခိုင်နှုန်းခန့် ရှိနေသည့်အတွက် မြန်မာပြည်၏ စားရေရိက္ခာဖူလုံရေးမှာ ပူပင်သောကဖြစ်ဖွယ်မရှိသည့် အနေအထား ဖြစ်သည်။

 

နည်းပညာအသုံးပြု ထုတ်လုပ်နိုင်ရေး

 

ထိုလုပ်ငန်းများကို ပိုမိုတိုးတက်အောင် နည်းပညာအသုံးပြုထုတ်လုပ် နိုင်ရေးကိုလည်း နိုင်ငံတော်အစိုးရနှင့် တောင်သူလယ်သမားကြီးများ ကြိုးစား လျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် အထွက်နှုန်းတိုးစေရန် မျိုးကောင်း မျိုးသန့်ရရှိရေး၊ သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာပေါင်းစပ်ပြီး ကောင်းမွန် သောစိုက်ပျိုးမြေများ ဖော်ထုတ်ရေး၊ စိုက်ပျိုးရေရရှိရန် ဆောင်ရွက်ရေးနှင့် ကောင်းမွန်သောနည်းပညာ ဖြစ်သည့် စိုက်နည်းစနစ်များ ရရှိရေးတို့ကို လုပ်ဆောင်လျက်ရှိသည်။

 

ဒေသတွင်း စားနပ်ရိက္ခာဖူလုံနိုင်ရေးနှင့် ပြည်ပသို့ ယခင်ကထက် ပိုမိုတင်ပို့နိုင်ရေးကို အစိုးရအနေဖြင့် အလေးထားလုပ်ဆောင်လျက်ရှိရာတွင် အဓိကမှာ ခေတ်မီနည်းပညာဖြစ်သည်။ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ကျွမ်းကျင်သူများ ပေါ်ထွက်လာစေရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်ရှိသော စိုက်ပျိုးမွေးမြူရေး ကျောင်းများကိုလည်း အဆင့်တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်သည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားဦးစားပေးလုပ်ကိုင်နေသော စိုက်ပျိုးရေးမှထွက်ရှိသော ကုန်ပစ္စည်း များမှာ လူသားတို့နေ့စဉ်စားသုံးနေကြရသည်ဖြစ်ရာ လူသားတို့အတွက် မရှိ မဖြစ်၊ မသုံးမဖြစ်သောပစ္စည်းများကို မြန်မာနိုင်ငံက အဓိကထားထုတ်လုပ် နေခြင်းဖြစ်သည်။ ထိုလုပ်ငန်းကို အအောင်မြင်ဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် ပြည်တွင်းစားသုံးမှု အတွက်သာမက ပြည်ပသို့ ပို့ကုန်အဖြစ် တင်ပို့နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းကို အလုံအလောက် ရှိထားပြီးဖြစ်သော မြေအားလုံးတွင် စိုက်ပျိုးခြင်း၊ စိုက်ပျိုးရာတွင် ရေလိုအပ် ပါက ရေလုံလောက်စွာရရှိရေး စီမံဖန်တီး ခြင်းများပြုလုပ်ကာ စိုက်ပျိုးရေးကို ပိုမိုလုပ်ဆောင်နိုင်မည်ဆိုလျှင် ရေလုံလောက် စွာရရှိရေး အခွင့်အလမ်းလည်း များစွာ ပေါ်ထွက်လာမည်ဖြစ်သည်။

 

လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းသည် လူငယ်တို့၏ဘဝ တိုးတက်ရေးကို မြှင့်တင်ပေးခြင်းဖြစ် သည်။ ထိုအခွင့်အလမ်းများ ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များက အင်တိုက်အားတိုက် တိုးတက်အောင် စွမ်းဆောင်ကြရမည်ဖြစ်သည်။ လူမှုစီးပွား မြင့်မားလာမည့်အပြင် နိုင်ငံတော်၏ စီးပွားရေးသည် တိုးတက်လာမည်ဖြစ်သည်။

 

ပြည်ပပို့ကုန်များပြားစွာ ထုတ်လုပ် တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေများရရှိလာပြီး နိုင်ငံတည်ဆောက်ရေး၊ တိုးတက်ရေးလုပ်ငန်းများကို အကျိုးပြုမည်ဖြစ်သည်။ စိုက်ဧကအားလုံးတွင် သီးထပ်စိုက်ပျိုးရန်အတွက် ရေရရှိမှု နည်းပါးသော နွေရာသီကာလတွင် စိုက်ပျိုးရေရရှိရေးကို နည်းပညာ အသုံးပြုစိုက်ပျိုးမည်ဆိုပါက အဆင်ပြေ မည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် ဖြစ်သည်။ ဒေသနှင့်ကိုက်ညီသည့် ရာသီသီးနှံများကို စိုက်ပျိုးခြင်း၊ နေရောင်ခြည် စွမ်းအင်သုံးဆိုလာပြားမှ ရရှိသော လျှပ်စစ်စွမ်းအင်ကို အသုံးပြု၍ မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ခြင်းတို့ကို ပိုမိုလုပ်ဆောင်နိုင်မည်ဆိုပါက နွေရာသီ၌ပါ စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။

 

အစိုးရအနေဖြင့် ပြည်တွင်းစီးပွား ရေးလုပ်ငန်းများကို အားပေးကူညီလျက်ရှိပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့် အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ မိမိ တာဝန်ယူ လုပ်ဆောင်နေရသော မည်သည့်လုပ်ငန်းတာဝန်ကိုမဆို စေတနာ၊ မေတ္တာထားရှိကာ လုပ်ဆောင် မည်ဆိုလျှင် လုပ်ငန်းအောင်မြင်မည်ဖြစ် သည်။

 

သုတေသနနည်းလမ်းသစ်များ

 

စိုက်ပျိုး မွေးမြူရေးကဏ္ဍသည် တိုးတက်မြင့်မားရေးအတွက် တီထွင်ကြံဆနည်းလမ်းရဆိုသကဲ့သို့ ပညာရှင်များ အပိုင်းကလည်း သုတေသန နည်းလမ်းသစ်များကို ဖော်ထုတ်နေကြရသကဲ့သို့ ထိုသုတေသနနည်းလမ်း အတိုင်း လက်တွေ့လုပ်ငန်းခွင်တွင် ဖြစ်ထွန်းနိုင်အောင် လုပ်ဆောင်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် မြေပေါများ သကဲ့သို့ ရေလည်းပေါများသည့်နိုင်ငံ ဖြစ်ရာ နည်းပညာအဆင့်အတန်း မြင့်မား အောင်လုပ်ဆောင်ပြီး အောင်မြင်အောင် တက်ညီလက်ညီ အကောင်အထည်ဖော် ကြရန်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု များကို ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ယနေ့အချိန်တွင် နေရာဒေသမရွေး လမ်းပန်းဆက်သွယ်ရေးများ ချောမွေ့လာခဲ့သကဲ့သို့ ကျေးလက် တောရွာများသည်လည်း မြို့ပြကိုအမှီပြု၍ တိုးတက်လာခဲ့ကြသည်ကို တွေ့ရှိရသည်။

အစိုးရအနေဖြင့် ဦးစားပေးလိုအပ် လျက်ရှိသည့် ဒေသများအတွက် ကျေးလက် ကုန်ထုတ်လမ်းများကို ဖောက်လုပ်ပေးလျက်ရှိပြီး မြို့ပြများတွင်လည်း မြို့ပြအဆင့်နှင့် လျော်ညီ စေမည့်လမ်းများကို ဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည်ကို အားရဖွယ်တွေ့နေရသည်။

 

လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ခြင်း၏ တန်ဖိုး

 

လူငယ်များသည် တန်ဖိုးဟူသော စကားလုံး၏အဓိပ္ပာယ်ကို နားလည်တတ်ကြရန် အရေးကြီးသည်။ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ခြင်း၏ တန်ဖိုး ကို အလေးထားတတ်ကြရန်လိုသည်။ ယခုခေတ်တွင် ကောင်းမွန်သောလမ်း၊ ကောင်းမွန်သော ဆက်သွယ်မှုများ အဆင်သင့်ရှိနေခြင်းကြောင့် ရှေးကလူများထက် သင်ကြားမှု၊ သင်ယူမှုအခွင့် အလမ်းများ တိုးတက်ကောင်းမွန်ခဲ့ပြီ ဖြစ်သည်။ သမိုင်းကြောင်းကို အမှန် တရားဘက်မှ စေ့စပ်သေချာစွာ လေ့လာ ပြီး မည်သည့်ခေတ်ကာလတွင် မည်သို့တိုးတက်မှုများရှိခဲ့သည်ကို ဆင်ခြင်သတိပြုကြရမည်။ ကောင်းမွန်သော အမျိုးသားရေး အသိစိတ်ဓာတ် ခံယူချက် များဖြင့် လိုက်ပါလုပ်ဆောင်ရန် လိုအပ် သည်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွား ရေး၊ လူမှုရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးကဏ္ဍနှင့် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်မှသာ အချိန်နှင့် တစ်ပြေးညီ ဆေးဝါးကုသမှု ခံယူနိုင်မည်။

 

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော၊ လျှပ်စစ်မီးများ လုံလုံလောက်လောက် မရခဲ့သော၊ ရုပ်ဝတ္ထုပစ္စည်းများ ယနေ့ ခေတ်ကဲ့သို့ မထွန်းကားခဲ့သော အချိန်ကာလတွင် မွေးဖွားကြီးပြင်းခဲ့သော တိုင်းသူပြည်သားတို့၏အားဖြင့် နိုင်ငံ တော်ကြီးကို ဘက်စုံတိုးတက်ထွန်းကား အောင် ကြံဆောင်နေကြသည်။ အခြေခံ လူမှုဘဝများ ပိုင်ဆိုင်ထားပြီးသော မျိုးဆက်သစ်များသည် ဖွံ့ဖြိုးမှုများကို ဆက်လက်ရှင်သန်အောင် ကြိုးစားအား ထုတ်ရန်လိုသည်။

 

အနာဂတ်လူမှုဘဝများကို ပုံဖော်

 

မြန်မာပြည်တစ်ဝန်း ဆက်သွယ် ဖောက်လုပ်ထားသော ဖြောင့်ဖြူးညီညာသည့် ပြည်ထောင်စုလမ်းမကြီးများနှင့် ခရိုင်ချင်းဆက်လမ်းသွယ်များ၊ ကျေးလက် ကုန်ထုတ်လမ်းများကို တွေ့ရသည့်အခါ တိုင်းပြည်ရှေ့ရေးအတွက် များစွာအားရ ဝမ်းသာဖြစ်သည်။ တစ်ဖက်တွင်လည်း အဆိုပါလမ်းများထက် တားမြစ်ချက် ကိုကျော်လွန်ပြီး သံဘီးတပ်ယာဉ်များ မောင်းနှင်ခြင်း၊ ကျွဲ၊ နွားများ လွှတ်ကျောင်း ခြင်း၊ ဝန်ပိုတင်မောင်းနှင်ခြင်း၊ ကားပေါ်မှ ကွမ်းသွေး၊ ပလတ်စတစ်အမှိုက်များ ကြုံသလို စွန့်ပစ်ခဲ့ခြင်းများနှင့် ပိုဆိုး သည့်အပြုအမူများအတွက် ကိုယ်စီ တာဝန်ကျေကြရန် လိုအပ်သည်။ တိုးတက် ပြောင်းလဲလာသည့် ဆက်သွယ်မှုစနစ်များကို အသုံးချလျက် ပိုမိုတောက်ပသော အနာဂတ်လူမှုဘဝများကို ပုံဖော်သွားကြ ရမည်ဖြစ်သည်။

 

ပြည်သူ့ဘဏ္ဍာများဖြင့် တည်ဆောက်ထားသော လမ်းတံတားများကို ပြည်သူများက စည်းကမ်းရှိရှိ ရိုရိုသေသေ အသုံးပြုကြရမည်ဖြစ်သည်။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကြီးသည်၊ ငယ်သည်မခွဲဘဲ စည်းကမ်းရှိမှုနှင့်အတူ ကိုယ်ကျင့်တရား များကို အလေးထားတတ်ကြမည်ဆိုပါ လျှင် နိုင်ငံတော်ကြီး သူများနောက်ကျန် ခဲ့စရာ အကြောင်းမရှိပါပေ။

 

တိုးတက်နေသော နိုင်ငံများ၏ လူနေမှုစနစ်များ

 

တိုးတက်နေသော နိုင်ငံများ၏ လူနေမှုစနစ်များကို အားကျနေရုံ၊ ပါးစပ်ကသာ ဒီမိုကရေစီဟု ကြွေးကြော်နေရုံမျှနှင့် မပြီးဘဲ ကောင်းမွန်သည့်အပြုအမူနှင့် နိုင်ငံကြီးသားပီသသည့် စရိုက်လက္ခဏာများကိုပါ အားကျအတုယူတတ်ရန် လိုသည်။

 

မြန်မာဟူသောစိတ်ဖြင့် မြန်မာ့အားကစားပွဲများ၊ မြန်မာ့အားကစား သမားများကို အားပါးတရအားပေးသည်မှာ အမျိုးသားရေးစိတ်ဓာတ်ကောင်း ပင်ဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟူသော ဝေါဟာရကို တိတိကျကျ နားလည်ရန်လိုသည်။

 

အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်း အခြေခံအကျဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသော ဘက်စုံလွှမ်းခြုံသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပေါ် အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်တွင် ပြည်သူများကလည်း ရင့်ကျက်သော အသိတရားများဖြင့် ပူးပေါင်းပါဝင်သွားကြရမည်ဖြစ်ပြီး နှစ်သစ် စိတ်သစ်လူသစ်ဖြင့် ဖွံ့ဖြိုးသာယာသော နိုင်ငံတော်ကြီးကို ဖန်တီးနိုင်ပါစေကြောင်း ရေးသားလိုက်ရပါသည်။