ပွင့်ဖြူ ဧပြီ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း(၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။ 

အဆိုပါ ကျေးလက်ရေရှိရေးလုပ်ငန်း(၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၃၉ သန်းဖြင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဆိုလာပန့်တပ်ဆင်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ခြံစည်းရိုးကာရံခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပွင့်ဖြူမြို့နယ် ဆင်လူး(မ)ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၃ သန်းဖြင့် လက်ရှိစက်ရေတွင်းအား 3 HP ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ 5 KW ဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လက်ရှိတွင် အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကုမ္ပဏီများနှင့် တင်ဒါလုပ်ငန်းကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေး‌မောင်ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံစေရေး၊ ကျေးလက်ဒေသ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခု အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေးလုပ်ငန်း (၂)ခု ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာနှင့် ဆင်လူး(မ)ကျေးရွာရှိ အိမ်ခြေ ၃၇၈ အိမ်မှ လူဦးရေ ၁၆၀၀ အတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲခွင့်ရရှိစေမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)