ဝါရှင်တန် ဧပြီ ၂၈

 

အမေရိကန်နိုင်ငံ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာက ယနေ့ပြောကြားသည်။ ။

 

အမေရိကန်ပြည်သူ ၄၆၀၀၀ ၏ သွေးနမူနာများကို စစ်ဆေးခဲ့ပြီးနောက် အဆိုပါအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သုတေသီများက ဖေဖော်ဝါရီလအတွင်း ယင်းသွေးနမူနာများကို စုဆောင်းခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ပဋိပစ္စည်းများကို ရှာဖွေခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ သွေးနမူနာစစ်ဆေးချက် ရလဒ်များအရ အမေရိကန်လူဦးရေ၏ ၅၇ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း လေ့လာသိရှိရသည်။

 

ရောဂါခုခံနိုင်သည့်စွမ်းအား

အသက်ငယ်ရွယ်သူများ၏ သွေးနမူနာများတွင် ပဋိပစ္စည်းတွေ့ရှိမှုပမာဏ များပြားခဲ့ပြီး အသက် ၁၂ နှစ်အောက် အရွယ်ပြည်သူများ၏ သွေးနမူနာများတွင် ရောဂါခုခံနိုင်သည့်စွမ်းအား ၇၅ ဒသမ ၂ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်မှ ၁၇ နှစ်အကြား  အရွယ်တွင် ၇၄ ဒသမ ၂ ရာခိုင်နှုန်းနှင့် အသက် ၁၈ နှစ်မှ ၄၉ နှစ်အကြားအရွယ်တွင် ၆၃ ဒသမ ၇ ရာခိုင်နှုန်း တွေ့ရှိရသည်။ အသက် ၅၀ မှ ၆၄ နှစ်အရွယ်တွင် ၄၉ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများတွင် ရောဂါခုခံနိုင်သည့်စွမ်းအား ၃၃ ဒသမ ၂ ရာခိုင်နှုန်းသာ တွေ့ရှိရသည်။

 

ရောဂါကူးစက်မှုမှ ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးနှံမှုခံယူရန် ဆေးဘက်ဆိုင်ရာ သုတေသီများက ပြည်သူများအား တိုက်တွန်းပြောကြားသည်။ ကျန်းမာရေးစည်းမျဉ်းများကို  လိုက်နာမှုမရှိပါက ယခင်ရောဂါကူးစက် ခံရဖူးသူများသည်လည်း ရောဂါပြန်လည် ကူးစက်နိုင်သည့် အခြေအနေရှိနေသေး ကြောင်း သုတေသီများက ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်