နယူးဒေလီ ဧပြီ ၂၈
အိန္ဒိယနိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအနည်းငယ် မြင့်တက်လာစဉ်အတွင်း အသက် ၁၂ နှစ်အောက် ကလေးငယ်များအတွက် ပြည်တွင်းထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်မျိုးဖြစ်သည့် Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် Corbevax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတို့ကို အသုံးပြုရန် အတည်ပြုခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ Bharat Biotech ဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သည့် Covaxin ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသက်ခြောက်နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များအတွက် အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး မန်ဒါဗီယာက ၎င်း၏တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ လက်ရှိတွင် အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အသက် ၁၂ နှစ်မှ ၁၈ နှစ်အရွယ် ကလေးငယ်များနှင့် အရွယ်ရောက်ပြီး သူများကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အခြားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်မျိုးဖြစ်သည့် Corbevax ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုလည်း အသက် ငါးနှစ်မှ ၁၂ နှစ် အရွယ်ကလေးငယ်များအတွက် အသုံးပြုရန်အတည်ပြုခဲ့ကြောင်းနှင့် ယင်းကာကွယ်ဆေးအား လက်ရှိတွင် အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ်ကလေးငယ်များအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ။
အိန္ဒိယနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၁ ဒသမ ၈၇ သန်း ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ အရွယ်ရောက်ပြီးသူစုစုပေါင်း၏ ၉၉ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၈၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဘီဘီစီ၊
ဘာသာပြန်-အလင်းသစ်