မုဒုံ ဧပြီ ၂၈

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းသို့ အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်အတွက် ဧပြီ ၂၆ ရက်က တာဝန်ရှိသူများမှ ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့သည်။

 

ထိုသို့ သွားရောက်လှူဒါန်းရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူ (၃၅)ဦး၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၁၂)ဦး၊ မြို့မ(၂) မင်းတန်းဗလီဝင်းတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ (၆)ဦးတို့အတွက် ဆန် (၂၄)ပြည်အိတ် ရှစ်အိတ်၊ ကြက်ဥအလုံးရေ (၁၈၉၀)လုံး၊ ပဲ (၁၅)ပိဿာအိတ် တစ်အိတ်၊ ကြက်သွန်နီ (၁၀)ပိဿာ နှစ်အိတ်၊ ဆီ (၁၀)ပိဿာ နှစ်ပုံးတို့ကို သက်ဆိုင်ရာ တည်းခိုနေထိုင်သည့် နေရာများသို့ သွားရောက်လှူဒါန်းတွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။

 

မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် လာရောက်တည်းခိုသည့် တိုက်ပွဲရှောင်ပြည်သူဦးရေ ဧပြီ ၂၆ ရက်အထိ ဘုန်းကြီးကျောင်း နှစ်ကျောင်းတွင် (၄၇)ဦး၊ နေအိမ်များတွင် (၃၃၆)ဦး စုစုပေါင်း (၃၈၃)ဦးရှိကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)