မန္တလေး ဧပြီ ၂၈

 

မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့နယ်ကြား ရဲရွာရေလှောင်တမံသွား ကားလမ်းဘေးတွင် ဖွင့်လှစ်ထားသည့် ဝါးနက်ဆင်စီးအပန်းဖြေ စခန်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်ကာ ဆင်စီးပြီး သဘာဝတောတောင် ရှုခင်းအလှများဖြင့် အပန်းဖြေနိုင်စေရေးအတွက် ဧပြီ ၂၇ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းမှ ဝါးနက်ဆင်စခန်း၏ ထိန်းသိမ်းရေးတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးတိုးအောင်က ပြောသည်။

 

အဆိုပါ ဆင်စီးစခန်းသည် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားခဲ့ရကြောင်း၊ ယခုအချိန်တွင် ရောဂါဖြစ်ပွားမှုအခြေနေများ လျော့နည်းလာပြီး ဆင်စခန်းလည်းဖွင့်လှစ်ရန် အသင့်အနေအထား ရှိနေသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ခွင့်ပြုမိန့်တောင်းပြီး ဖွင့်ခွင့်ပေးသည့်အတွက် ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း၊ ဝန်ဆောင်မှုများအနေဖြင့် နံနက်ပိုင်းတွင် ၇ နာရီမှ ၁၁ နာရီအထိ၊ ညနေပိုင်းတွင် ၄ နာရီမှ ၆ နာရီအထိ ဆင်များစီးပြီး အပန်းဖြေ လာရောက်လေ့လာနိုင်ကြောင်း၊ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ပြုလုပ်ပေးထားကြောင်း သိရသည်။ 

 

“ကျွန်တော်တို့ ဝါးနက်ဆင်စခန်းကို ခရီးသွားပြည်သူများအတွက် ပြန်လည်ဖွင့်လှစ်ပေးထားပါတယ်။ ဖွင့်လှစ်နိုင်ဖို့အတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ခွင့်ပြုချက်တောင်းခံရပါတယ်။ ခွင့်ပြုချက်ရမှ ဖွင့်လှစ်ခဲ့တာပါ။ ကိုဗစ်စည်ကမ်း ညွှန်ကြားချက်များနဲ့အညီ ဆောင်ရွက်ထားရှိပေးပါတယ်။ လက်ဆေးဘေစင်များ၊ Mask များ၊ ၆ ပေအကွာ စသဖြင့် ပြင်ဆင်ပေးထားပါတယ်။ ခရီးသွားပြည်သူတွေ ဆင်တွေစီးပြီးတော့ လာရောက်အပန်းဖြေလေ့လာနိုင်ဖို့ စီစဉ်ပေးထားပါတယ်၊ ဆင်တွေနဲ့အတူ ရေချိုး၊ ဓာတ်ပုံရိုက်ချင်ရင် နံနက် ၆ နာရီကနေ ၇ နာရီကြား ဆင်တွေရေချတဲ့ အချိန်ရပါတယ်။ သီးသန့်ခေါ်ချိုးချင်ရင် နံနက် ၁၀ နာရီအတွင်းမှာ ရေချိုး၊ ဓာတ်ပုံရိုက်လုပ်ပေးပါတယ်။  ဆင်စခန်းမှာ ဆင် ၈ ကောင်ရှိပါတယ်။ အထီး ၃ ကောင်နဲ့ အမ ၅ ကောင်ပါ။  ဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့ကိုလည်း ဆောင်ရွက်ထားပါတယ်။ ဆင်တွေကို အစာကျွေးလို့လည်း ရပါတယ်။ ဆင်စီးရင်း လာရောက်အပန်းဖြေကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းကပြောသည်။

 

အဆိုပါဆင်စခန်းသည် ကိုဗစ်ရောဂါဖြစ်ပွားနေသည့်အတွက် ယာယီပိတ်ထားခဲ့ရသော်လည်း ယင်းကာလအတွင်း ဆင်ချစ်သူများမှ မွေးနေ့အလျူအဖြစ် Online မှနေ၍ ဆင်စာကျွေးမွေးသူများရှိကြောင်း၊ ဆင်အစာအတွက် တစ်ခါကျွေး‌မွေးလိုပါက ငွေကျပ် ၅၀၀၀၀ သတ်မှတ်ထားကြောင်း၊ ထို့ပြင် ဆင်စာများဝယ်ယူ၍ လာရောက်ပေးကာ ကျွေးမွေးခိုင်းသူများလည်းရှိကြောင်း၊ ဆင်စခန်းကို ပြန်လည်ဖွင့်လှစ်ပြီးဖြစ်၍ ဆင်စီးပြီး သဘာဝရှုခင်းများ ကြည့်ရူလိုသူများအတွက် ပြည်တွင်းခရီးသွားများအနေဖြင့် တစ်ဦးလျှင် စခန်းဝင်ကြေးငွေကျပ် ၁၀၀၀၊ ဆင်စီးခဈေးနှုန်းများအနေဖြင့် ခရီးတိုလျှင် ငွေကျပ် ၃၀၀၀ နှင့် ခရီးရှည်လျှင်ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်အေးချမ်း