ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ ပြိုင်ပွဲစီစဉ်သူတွေက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးတဲ့ ကစားသမားတွေကိုလည်း ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာဖြစ်တဲ့အတွက် ဆားဘီးယားတင်းနစ် အကျော်အမော် ဂျိုကိုဗစ်ဟာ ဝင်ဘယ်ဒန် တင်းနစ်ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ဖို့ အခွင့်အရေးရရှိ တော့မှာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဆားဘီးယားနိုင်ငံရဲ့ နံပါတ်တစ် တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ယခုနှစ် ဇန်နဝါရီလအတွင်းက ကျင်းပခဲ့တဲ့ ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးတာကြောင့် ပါဝင်ယှဉ်ပြိုင်ကစားခွင့်နဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံ ရသေးတဲ့ တင်းနစ်ကစားသမားတွေကိုပါ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုတော့မှာဖြစ်တာမို့ ဂျိုကိုဗစ်ဟာ ယခုနှစ်အတွင်း ဂရန်းဆလမ်း ဆုဖလားတစ်ကြိမ်ရရှိမယ့် အခွင့်အရေးလည်း ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ လက်ရှိမှာ ဂရန်းဆလမ်းချန်ပီယံဆုဖလားကို အကြိမ်  ၂၀ အထိရရှိထားသူဖြစ်ပြီး ဂျိုကိုဗစ် ဝင်ရောက်ကစားခွင့်ရရှိခဲ့တဲ့ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ကို ယခုနှစ် ဇွန် ၂၇ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ကျင်းပမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ငွေကြယ်