နေပြည်တော် ဧပြီ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာရှိ ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ စမ်းသပ်လည်ပတ်လျက်ရှိသော ဆန်စက်သို့ရောက်ရှိပြီး ရွှေဇေယျာ စိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းမှ တာဝန်ရှိသူများ၊ စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရွှေဇေယျာ သမဝါယမ အသင်းအသင်းသားများအတွက် စိုက်ပျိုး စရိတ်ထုတ်ပေးခြင်း၊ သွင်းအားစုများထောက်ပံ့ခြင်း၊ ခြွေလှေ့စက်အပါအဝင် မျိုးစပါးများ ထောက်ပံ့ခြင်းတို့ကို သမဝါယမ Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
အသင်းသားများထဲမှ ဝယ်ယူပြီးသော စပါးများကို ကြိတ်ခွဲရောင်းချခြင်းဖြင့် ရရှိလာသော အမြတ်များကို အသင်းသားများထံသို့ ပြန်လည်ခွဲဝေပေးခြင်း၊ အသင်းသားများက ရောင်းချသည့် စပါးအပေါ်တွင်လည်း အသင်းအနေဖြင့် ကုန်ဝယ်ပြန်အမ်း (Refund) စနစ်များ ဆောင်ရွက်ပေးခြင်းဖြင့် အသင်းသားများ ဝင်ငွေ ပိုမိုတိုးတက်ရရှိပြီး အသင်းအနေဖြင့်လည်း ထိုက်သင့်သည့်ရန်ပုံငွေများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဈေးကွက်ဖော်ဆောင်ခြင်းအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် သမဝါယမအသင်းစုချုပ်များနှင့် မြို့နယ် သမဝါယမအသင်းစုများမှ ဖြန့်ဖြူးရောင်းချမည့်အဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး အခြေခံသမဝါယမ အသင်းသား ပြည်သူများထံသို့ အသင့်စားသုံးဆန်များကို မှန်ကန်သော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် သမဝါယမပုံရိပ်ကောင်းများ ဖြစ်ပေါ်လာမည့်အပြင် ဆန်စက်လုပ်ငန်းကိုလည်း စဉ်ဆက်မပြတ် လည်ပတ် ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း။
ရွှေဇေယျာ အခြေခံသမဝါယမအသင်းအနေဖြင့် ဆန်စက်မှထွက်ရှိသော ကုန်ချောပစ္စည်းများကို သမဝါယမ အသင်းအချင်းချင်း တိုက်ရိုက်ချိတ်ဆက် ဖြန့်ဖြူးရောင်းချဆောင်ရွက်ခြင်းဖြင့် အသင်းဝင်ငွေကောင်းရရှိအောင် ဆောင်ရွက်နိုင်မည့်အပြင် ထွက်ကုန်ပစ္စည်းများ ပိုမိုရောင်းချနိုင်ခြင်းဖြင့် ဆန်စက်လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း၊ ဆန်စက်၏ ပြင်ဆင်ရမည့် အစိတ်အပိုင်းများကိုပြင်ဆင်ပြီး စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး ဆန်စက်လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါဆန်စက်သည် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ KOICA တို့ ဆန်စက် တည်ထောင်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီး ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ တာဝန်ယူဆောင်ရွက်နေသော ဆန်စက်ဖြစ်ကာ အသင်းဝင်ငွေ တိုးပွားရေးအတွက် ရွှေဇေယျာသမဝါယမ အသင်းနှင့် မင်းဆက်စံသမဝါယမအသင်းတို့ ပူးပေါင်း၍ ဆန်စက်ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ဆန်စက်မှာ တစ်လလျှင် စပါးတင်း (၃၀၀၀၀) ကြိတ်ခွဲနိုင်ပြီး အခြောက်ခံမှုအနေဖြင့် တစ်လလျှင် စပါးတင်း(၆၀၀၀၀)ကို အခြောက်ခံနိုင် မည်ဖြစ်ကြောင်း၊ စပါးချိန်စက်၊ အစိုဓာတ်တိုင်းတာစက်၊ အခြောက်ခံစက်၊ သိုလှောင်စက်၊ ကြိတ်ခွဲစက်၊ စပါးအခွံချွတ်စက်၊ သန့်စင်စက်၊ ဖွတ်စက်၊ အရောင်တင်စက်၊ အရောင်ရွေးစက်၊ ဆန်အရည်အသွေး ခွဲခြားတိုင်းတာစက်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ဆန်စက် အနေဖြင့် တစ်နှစ်လျှင် (၁၀)လ လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ကြောင်း သိရသည်။
(သတင်းစဉ်)