မော်လမြိုင်၊   ဧပြီ ၃၀

 

မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃ /၂၀၂၂) ကို ဧပြီ ၂၉ ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း က လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ

နှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရန်၊ ကျေးရွာပိုင်မြေနေရာတွင် ကျူးကျော်နေထိုင်မှုများကို ဥပဒေနှင့်အညီ တားဆီးရန်၊ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေးပြီး၊ လိုအပ်ချက်များဆောင်ရွက်ရန်၊ လယ်ယာမြေဥပဒေ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာလိုက်နာရေးအတွက် ကျေးရွာ၊ မြို့နယ်၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်အထိ အလေးထား ကြပ်မတ်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ဌာနများအနေဖြင့် စီမံကိန်းလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထိခိုက်နစ်နာ ဆုံးရှုံးမှုများအပေါ် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးများ စနစ်တကျ တွက်ချက်တင်ပြရန်၊ ပြည်သူများ၏ လိုအပ်ချက်များကို အလေးထားဆောင်ရွက်ရန် ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဌာနမှူးက သတ်မှတ်သည့်မြေယာလျော်ကြေးများ၊ သီးနှံ လျော်ကြေးများပေးဆောင်နိုင်ရေး ရှင်းလင်းတင်ပြပြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက  ဆွေးနွေးတင်ပြကြရာ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်)