ပြည့်ဖြိုးအောင် (စီမံ/ဘဏ္ဍာ‌)

 

မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းနယ်ပယ် (Insurance Industry) တွင် နိုင်ငံပိုင်မြန်မာ့အာမခံ လုပ်ငန်းအပါအဝင် ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိကအာမခံကုမ္ပဏီ ၂၅ ခုတို့က အာမခံအမျိုးအစားများစွာကို ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေးလျက်ရှိသော အာမခံအမျိုးအစားများကို Website၊ Mobile Application များမှတစ်ဆင့် MPU ကတ်အား အသုံးပြု၍ အွန်လိုင်းမှ ငွေပေးချေဝယ်ယူခြင်း (Online Payment)၊ မိုဘိုင်းဖုန်းများမှတစ်ဆင့် ‌QR Code အသုံးပြု၍ ငွေပေးချေဝယ်ယူခြင်း (Mobile Payment) အစရှိသည့်စနစ်များဖြင့် စတင် ဝယ်ယူနိုင်သည့် မိတ်ဆက်ပွဲအခမ်းအနားကို ၈-၇-၂၀၂၁ ရက်က ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လုပ်ငန်းနယ်ပယ်/ ကဏ္ဍမျိုးစုံတွင် အိုင်စီတီနည်းပညာကို တွင်တွင်ကျယ်ကျယ် အကျိုးရှိရှိအသုံးပြု၍ အများပြည်သူ ပိုမိုအဆင်ပြေချောမွေ့စေရန် ဝန်ဆောင်မှု ပေးလျက်ရှိကြရာ မိမိတို့နိုင်ငံသည်လည်း ခေတ်နှင့်အမီ လိုက်ပါနိုင်အောင် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြပါသည်။

 

ယခုအခါ မြန်မာ့အာမခံလုပ်ငန်း၏ အွန်လိုင်းစနစ်ဖြင့် အာမခံဝန်ဆောင်မှုများအား စတင်လုပ်ဆောင်မှုသည် အများပြည်သူနှင့်ထိတွေ့၍ ဝန်ဆောင်မှုပေးလျက်ရှိသော အခြားလုပ်ငန်းအဖွဲ့ အစည်းများစွာကို ၎င်းတို့၏ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ပိုမိုအဆင်ပြေလွယ်ကူ ချောမွေ့စေရေးအတွက် အိုင်စီတီ နည်းပညာဖြင့် စဉ်းစားတွေးတောကြံဆ၍ သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲရေး စီမံချက်များ ချမှတ်ကာ လုပ်ဆောင်ကြရန် လိုအပ်လျက်ရှိသည်ကို မီးမောင်း ထိုးပြရာလည်း ရောက်ပါသည်။ ကိုဗစ်-၁၉ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားနေစဉ် အတွင်းမှာလည်း အိုင်စီတီနည်းပညာသုံး လုပ်ငန်းအဖွဲ့အစည်းများသည် အခက်အခဲကြီးကြီးမားမား မတွေ့ရှိဘဲ စဉ်ဆက်မပြတ် လှုပ်ရှားလုပ်ကိုင် ဆောင်ရွက်သွားကြသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပြီး နည်းပညာ၏ အကျိုးကျေးဇူးများကို မြင်တွေ့ရမည် ဖြစ်ပါသည်။

 

နည်းပညာသုံးဝန်ဆောင်မှုပေးသည့်အဖွဲ့အစည်းတစ်ခုဆီသို့

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ မြန်မာ့အာမခံလုပ်ငန်းသည် အာမခံ အမျိုးအစားများစွာကို အခြားကုမ္ပဏီများနည်းတူ အများပြည်သူ လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ရေးကို ရည်ရွယ်၍ အာမခံလုပ်ငန်းစနစ်များစုစည်းမြှင့်တင်ခြင်းစီမံကိန်း (Integrated Insu-rance Solution Project) ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါသည်။ စီမံကိန်းကာလကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာ သတ်မှတ်ထားပြီး လုပ်‌ဆောင်ခဲ့ရာ ယခုအခါ ရုပ်လုံးပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါသည်။ စီမံကိန်းကာလ ပထမနှစ် ပြီးမြောက်ချိန်တွင် သူတစ်ပါး ထိခိုက်မှုအာမခံနှင့် ခရီးသွားအာမခံအမျိုးအစား နှစ်မျိုးကို မြန်မာ့အာမခံလုပ်ငန်း ဝက်ဘ်ဆိုက် (Website) နှင့် Mobile Application များမှတစ်ဆင့် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံကြေးပေးသွင်းခြင်းကို ၁-၇-၂၀၂၁ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံး (မြင်သာ) ၌ စတင်နိုင်ခဲ့ပြီး ၁-၁၀-၂၀၂၁ ရက်နေ့တွင် မြန်မာ့ အာမခံလုပ်ငန်း (ရုံးချုပ်) ၌ စတင်နိုင်ခဲ့ပါသည်။

 

သို့ဖြစ်၍ အာမခံအမျိုးအစားများအား ဝယ်ယူလိုသည့် အများပြည်သူအနေဖြင့် မိမိတို့ ရွေးချယ်ဝယ်ယူလိုသော အာမခံအမျိုးအစားများကို ပိုမို၍ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်စေရန်နှင့် ယခု ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာမခံ ထားရှိသူများအနေဖြင့်လည်း လူကိုယ်တိုင် သွားရောက်၍ ပရီမီယံကြေးများကို ပေးသွင်းရန် မလိုအပ်တော့ဘဲ Online / Mobile Payment များဖြင့် ပေးသွင်းနိုင်မည်ဖြစ်ပါသည်။ သူတစ်ပါး ထိခိုက်မှု အာမခံပရီမီယံကြေးကို အချိန်၊ နေရာမရွေး ပေးသွင်းနိုင်ရန်အတွက် KBZ Pay၊ CB Pay၊ OK$ အစရှိသည့် Mobile Application များကို အသုံးပြု၍ဖြစ်စေ၊ မည်သည့် MPU Card ကို အသုံး ပြု၍ဖြစ်စေ Online Payment ဖြင့် ငွေပေးသွင်း နိုင်ရန် မြန်မာ့အာမခံလုပ်ငန်းမှ ဝန်ဆောင်မှုပေး လျက်ရှိပါသည်။

 

မြန်မာ့အာမခံလုပ်ငန်းကို စတင်တည်ထောင်ခဲ့စဉ်ကတည်းက ဝန်ထမ်းအင်အားဖြင့် လူသားအသုံးပြုစနစ် (Manual System) ကိုသာ အသုံးပြုလျက် အများပြည်သူကို ဝန်ဆောင်မှုပေးခဲ့ရာမှ ယခုအခါ ပြောင်းလဲတိုးတက်လာသည့် အိုင်စီတီ နည်းပညာသုံးစနစ် (ICT System) ကို ထိထိရောက် ရောက်အသုံးချကာ အာမခံဝန်ဆောင်မှုများကို အလွယ်တကူ အွန်လိုင်းမှတစ်ဆင့် အာမခံအမျိုး အစားများအားလုံးကို ဝယ်ယူခြင်း၊ ငွေပေးချေခြင်းကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချိတ်ဆက် လုပ်ဆောင်နိုင်တော့မည် ဖြစ်ပါသည်။ အဆိုပါ ပြောင်းလဲမှုကြောင့် ယခင်က မြန်မာ့အာမခံလုပ်ငန်း ရုံးများသို့ လူကိုယ်တိုင်သွားရောက်၍ အာမခံပရီမီယံ ကြေးပေးသွင်းခြင်းကို ဆောင်ရွက်ရခြင်းများ နောင်တွင် မရှိနိုင်တော့ပါ။

 

အွန်လိုင်းမှ လွယ်ကူစွာဝယ်ယူနိုင်ရန် သိရှိထားသင့်သည်များ

 

ပထမဦးစွာ အွန်လိုင်းမှတစ်ဆင့် မြန်မာ့အာမခံ လုပ်ငန်း၏ Mobile Application များကို Apple Store (သို့မဟုတ်) Google Play Store တို့မှ မိမိ၏ ဖုန်းထဲသို့ Download ရယူထားရမည် ဖြစ်ပါသည်။ ငွေပေးချေမှုပြုလုပ်ရာတွင် MPU ကတ်ကိုင်ဆောင် ထားသူများအနေဖြင့် မည်သည့်ဘဏ်များနှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်သည်ဟု သိရှိရပြီး KBZ Pay၊ CB Pay၊ OK$ အစရှိသည့် Mobile Application များဖြင့်လည်း အလွယ်တကူ ငွေပေးချေမှုများ လုပ်‌‌ဆောင်နိုင်ကြောင်း သိရှိရပါသည်။ လုပ်ဆောင်မှု ဆိုင်ရာ နည်းလမ်းများကို မြန်မာ့အာမခံလုပ်ငန်း၏ ဝက်ဘ်ဆိုက် (Website) စာမျက်နှာနှင့် Facebook Page များတွင်လည်း အသေးစိတ် ကြည့်ရှုလေ့လာ နိုင်ပါသည်။

 

သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံကြေးပေးဆောင်သူသည် ယခင်က မြန်မာ့အာမခံလုပ်ငန်းမှ ထုတ်ပေးထားသည့် အာမခံစာအုပ် (အစိမ်း‌ရောင်) ကို တရားဝင်ပြန်လည်ပေးအပ်၍ QR Code ပါရှိသည့် စာရွက်နှစ်ရွက် (Third Party Premium Insurance Certificate) ကို လက်ခံရရှိမည် ဖြစ်ပါ သည်။ စာရွက်များ၏ ဘယ်ဘက်ထောင့်တွင် “For RTA” နှင့် “For Owner” ဟူ၍ ပါရှိမည်ဖြစ်ပြီး “For RTA” ဆိုသည်မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) သို့ ပေးအပ်ရန်ဖြစ်ပြီး “For Owner” ဆိုသည်မှာ မော်တော်ယာဉ်ပိုင်ရှင် သိမ်းဆည်းထားရန် ဖြစ်ပါသည်။ အကယ်၍ စာရွက် ပျောက်ပျက်သွားခဲ့လျှင်ပင် မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် (Owner Book) ကိုသာ ယူဆောင်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) သို့ သွားရောက်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပရီမီယံကြေးပေးဆောင်ထားသည့်အချက်အလက် (Data) များသည် အွန်လိုင်းမှတစ်ဆင့် ကွန်ပျူတာ စနစ်ထဲသို့ ရောက်ရှိနေသောကြောင့် ဖြစ်ပါသည်။ မိမိအိမ်၌ အွန်လိုင်း(Online) မှတစ်ဆင့် ပေးဆောင် မည်ဆိုပါကလည်း ပေးဆောင်ပြီးကြောင်း အထောက် အထားအား Print ထုတ်၍လည်းကောင်း၊ ဓာတ်ပုံ မှတ်တမ်းဖြင့် ဖုန်းထဲတွင်သိမ်းဆည်း၍လည်းကောင်း ယူဆောင်သွားရန်သာ လိုအပ်ပါသည်။

 

သူတစ်ပါးထိခိုက်မှုအာမခံကို Online မှတစ်ဆင့် ဝယ်ယူရာတွင် QR Code ကို အသုံးပြု၍ အာမခံ ပရီမီယံကြေးပေးသွင်းခြင်းနှင့် MPU ကတ်ကို အသုံး ပြု၍ အာမခံပရီမီယံကြေး ပေးသွင်းခြင်းဟူသည့် ရွေးချယ်မှုပုံစံနှစ်မျိုးဖြင့် အာမခံဝန်ဆောင်မှုကို ရယူဆောင်ရွက်နိုင်သည်ဖြစ်ရာ မြန်မာ့အာမခံ လုပ်ငန်း၏ Mobile Application ကို အသုံးပြု၍ လည်း အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ပါသည်။

 

QR Code ကို အသုံးပြု၍ အာမခံပရီမီယံကြေးပေးသွင်းခြင်း

 

သူတစ်ပါးထိခိုက်မှု အာမခံအမျိုးအစားအား ဝယ်ယူရန်အတွက် မြန်မာ့အာမခံလုပ်ငန်း မိုဘိုင်းအက်ပလီကေးရှင်း၏ “အာမခံဝယ်ယူရန်”ကို ရွေးချယ်၍ သူတစ်ပါး ထိခိုက်မှုအာမခံတွင် မိမိ၏ မော်တော် ယာဉ်အမှတ်ကို ထည့်သွင်းရှာဖွေရမည်ဖြစ်ပြီး ဝယ်ယူလိုသည့်မော်တော်ယာဉ်၏ အချက်အလက်များကို ပထမဦးစွာ တိုက်ဆိုင်စစ်ဆေးရမည် ဖြစ်သည်။ ထို့နောက် ငွေပေးသွင်းရန်အတွက် ငွေပေးချေမှု အမျိုးအစားကို ရှာဖွေ၍ အာမခံဝယ်ယူရန် အချက်အလက်များကို စစ်ဆေးပြီး မှန်ကန်ပါက ဝယ်ယူရန် အတည်ပြုရပါမည်။ အာမခံပရီမီယံကြေး ပေးသွင်းရန်သေချာပါက “Yes” Button ကို ‌ရွေးချယ်ရမည်ဖြစ်ပါသည်။ QR Code အား Scan ဖတ်နိုင်ရန်အတွက် Save QR ဖြင့် မိမိဖုန်းထဲသို့ သိမ်းဆည်းရပါမည်။ ထို့နောက် KBZ Pay၊ CB Pay၊ OK$ Application ထဲသို့ ဝင်‌ရောက်၍ ယခု QR Code အား Scan ဖတ်ပြီး အာမခံပရီမီယံကြေး ပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။ အဆိုပါလုပ်ဆောင်မှုများ သည် QR Code ကို အသုံးပြု၍ အာမခံပရီမီယံကြေး ပေးသွင်းခြင်းအတွက် သိရှိထားရမည့်အချက်များ ဖြစ်ပါသည်။

 

MPU ကတ်ကို အသုံးပြု၍ အာမခံပရီမီယံကြေးပေးသွင်းခြင်း

 

မြန်မာ့အာမခံလုပ်ငန်းဝက်ဘ်ဆိုက် (www.mminsurance.gov.mm) ရှိ “Buy Online” ကို ရွေးချယ်၍ သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံ ဝယ်ယူမှု၌ ကနဦးအနေဖြင့် အထက်ပါအတိုင်း တူညီစွာဖြင့် သူတစ်ပါးထိခိုက်မှုအာမခံအမျိုးအစားအား ဝယ်ယူနိုင်ရန်အတွက် ဝယ်ယူလိုသည့်မော်တော် ယာဉ်အမှတ်ကို ထည့်သွင်းရှာဖွေရမည်ဖြစ်ပြီး မော်တော်ယာဉ်၏ အချက်အလက်များကို အတည်ပြု စစ်ဆေးကာ မှန်ကန်ပါက ငွေပေးချေနိုင်ရန် ငွေပေးချေမှုအမျိုးအစားကို ရှာဖွေရပါမည်။ ထို့နောက် အာမခံဝယ်ယူရန် အချက်အလက်များကို တိုက်ဆိုင် စစ်ဆေးပြီး မှန်ကန်ပါက ဝယ်ယူရန် ဆက်လက်လုပ်ဆောင်ရပါမည်။ အာမခံပရီမီယံကြေးပေးသွင်း ရန် သေချာပါက “Yes” Button ကို ရွေးချယ်၍ ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။ MPU ကတ် ဖြင့် ငွေပေးချေနိုင်ရန်အတွက် ကတ်အမှတ် (Card Number)၊ ကုန်ဆုံးမည့်နေ့ရက် (Exp Date) နှင့် လျှို့ဝှက်နံပါတ် (One-time-Password-OTP) တို့ကို ထည့်သွင်းရမည်ဖြစ်ပြီး ငွေပေးသွင်းမှု အောင်မြင် စေရန် “Confirm Payment”ကို ရွေးချယ်ရမည် ဖြစ်သည်။ Payment Status တွင် Approveဖြစ်လျှင် “Continue” Button ကို ‌ရွေးချယ်ပါက အာမခံ ပရီမီယံကြေးပေးသွင်းခြင်းလုပ်ငန်းစဉ် ပြီးဆုံးပြီ ဖြစ်ပါသည်။

 

ရရှိလာသည့် အကျိုးကျေးဇူးများ

 

မြန်မာ့အာမခံလုပ်ငန်း၏ ပြုပြင်ပြောင်းလဲမှုမှသည် အများပြည်သူအတွက်၊ နိုင်ငံတော်အတွက်၊ အဖွဲ့အစည်းအတွက် အကျိုးကျေးဇူး မြောက်မြားစွာ ရရှိလာမည်ကို မြင်တွေ့ရမည်ဟု ယုံကြည်မိပါ သည်။ နိုင်ငံတော်အတွက်ဆိုရလျှင် လုပ်ငန်း နယ်ပယ်တစ်ခု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိစေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်စေခြင်း၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ ဈေးကွက်စီးပွားရေးအတွင်း ကောင်းမွန်သော ယှဉ်ပြိုင်မှုကို ဖန်တီးပေးခြင်း၊ အဆိုပါလုပ်ငန်း နယ်ပယ်နှင့်စပ်ဆက်သည့် အခြားသောလုပ်ငန်း နယ်ပယ်များနှင့် စီးပွားရေး လုပ်ငန်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူပြုနိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

 

အများပြည်သူအတွက်ဆိုရလျှင် ဥပမာအားဖြင့် ယခင်က မော်တော်ယာဉ်တစ်စီးသက်တမ်း တိုးမည်ဆိုပါက အာမခံပရီမီယံကြေး ပေးဆောင်နိုင်ရန် သွားရောက်ရခြင်း၊ တန်းစီရခြင်း၊ အာမခံ ပရီမီယံကြေး ပေးဆောင်ရမည့် အချက်အလက်များကို တန်းစီ၍ဖြည့်စွက်ရခြင်း အစရှိသည်တို့ကြောင့် မလိုလားအပ်သည့် အချိန်ကုန်၊ လူပင်ပန်းရသည့်ဖြစ်စဉ်များ ရှိခဲ့ပါသည်။ ယခုအခါ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) သို့ မသွားရောက်မီ ရက်ပေါင်း ၉၀ (သုံးလ) အတွင်း ပေးသွင်း၍ ကြိုတင်ဝယ်ယူ နိုင်မည်ဖြစ်ပါသည်။ ယခုကဲ့သို့ အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲလိုက်မှုကြောင့် မိမိတို့နေအိမ်မှ ဖြစ်စေ/ ရောက်ရှိသည့်နေရာ ဒေသများတွင် ဖြစ်စေ အင်တာနက်အသုံးပြု၍ မိုဘိုင်းဖုန်းမှတစ်ဆင့် အလွယ်တကူ ငွေပေးသွင်းနိုင်ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သတ်မှတ် ထားသည့် စည်းကမ်းများနှင့်အညီ လူများစွာနှင့် ထိတွေ့ဆက်ဆံနေရမှုကိုလည်း လျော့နည်းသွား စေမည်ဖြစ်သည့်အတွက် ရောဂါကူးစက်မှုများကိုလည်း တစ်ဖက်တစ်လမ်းမှ လျော့ပါးစေရန် အထောက်အကူ ပြုစေမည်ဖြစ်ပါသည်။

 

နိုင်ငံတော်နှင့် မြန်မာ့အာမခံလုပ်ငန်းအဖွဲ့အစည်း အနေဖြင့်လည်း စာရွက်စာတမ်းများစွာအား စိစစ်ရခြင်း၊ ရုံးခန်း/ အဆောက်အအုံ အသုံးစရိတ်များ၊ ဝန်ထမ်းများစွာမှ အများပြည်သူအား အချိန် ကြာမြင့်စွာ ထိတွေ့ဝန်ဆောင်မှုပေး လုပ်ဆောင် ရခြင်းနှင့် ကုန်ကျစရိတ်များ သုံးစွဲလုပ်‌ဆောင်နေရမှု များကို လျော့နည်းသွားစေမည်ဖြစ်ပါသည်။ ထို့ပြင် ဝန်ကြီးဌာန၏ E-Government ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်မှုတွင် အထောက် အကူဖြစ်စေပါသည်။

 

လက်ရှိအချိန်တွင် သူတစ်ပါးထိခိုက်မှုအာမခံ အမျိုးအစားကို ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးတွင် အွန်လိုင်းမှပေးဆောင်နိုင်ပြီဖြစ်ပြီး တဖြည်းဖြည်း တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်များ ချိတ်ဆက်အသုံးပြုနိုင်ရန် ကြိုးပမ်း အကောင်အထည်ဖော်ဆောင်လျက် ရှိပါသည်။ ပြောင်းလဲမှုဖြစ်စဉ်သည် ယခုစတင်သည့် အချိန် ကာလခဏတာတွင် အခက်အခဲအနည်းငယ် တွေ့ကြုံရနိုင်သော်လည်း နိုင်ငံအနှံ့ လွှမ်းခြုံပြီးသည့်အခါ ပြောင်းလဲမှု၏အောင်မြင်မှု အသီးအပွင့်များဖြစ်သည့် အများပြည်သူအတွက် အကျိုးကျေးဇူးများစွာနှင့်အတူ လုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်စေခြင်း၊ ကုန်ကျစရိတ်နည်းပါးခြင်း၊ အချိန်ကုန်/ လူပင်ပန်းရသည့် ဖြစ်စဉ်များ လျော့နည်းပပျောက်ခြင်း၊ အာမခံအမျိုးအစားများ ကို နေရာအနှံ့/ ဒေသအနှံ့တွင် အွန်လိုင်းမှတစ်ဆင့် အလွယ်တကူဝယ်ယူနိုင်ခြင်း စသည့်အကျိုး ကျေးဇူးများစွာကိုလည်း ရရှိလာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

ရည်ညွှန်း  - www.mminsurance.gov.mm