မောင်သိန်းဆိုင်
၂၉-၄-၂၀၂၂ ရက်နေ့မှအဆက်
ယင်းစကားများသည် ရင်ထဲမှာ မြည်ဟည်းနေသည်။ သို့နှင့်အမျှ မအေးမြကို ကြည့်နေသော တင်တင်ရီ၏ အကြည့် မှာ စူးစူးဝါးဝါးနှင့် စိမ်းစိမ်းကားကား နိုင်လှသည်။
သည်အကြည့်တွက် မအေးမြ မနေတတ် မထိုင်တတ် ဖြစ်ရပုံပေါ်သည်။ နောက်သို့ လှည့်ကြည့်လာသည်။
“ငါ့ကို ဒီလို ကြည့်မနေစမ်းပါနဲ့ တင်တင်ရီ”
သို့ တိုင်အောင် တင်တင်ရီ၏အကြည့်မှာ ပြောင်းလွဲမသွား။
“လက်ကောက်ပေါင်တာ ငွေဘယ် လောက်ရသလဲ”
မအေးမြ၏အမေး။
“တစ်ရာ”
တင်တင်ရီ ပြတ်ပြတ်တောက်တောက် ဖြေသည်။ မအေးမြသည် တင်တင်ရီ လက်ထဲမှာ ရှိနေသော ငွေကို ဆွဲယူကာ ရေတွက်သည် ။
“နှစ်ဆယ် လျော့နေပါလား”
“ဖေဖေယူသွားပြီ”
မအေးမြသည် ငွေစက္ကူများကို မှန်တင်ခုံပေါ်သို့ ဝုန်းခနဲ ပစ်ချသည်။
“သူများသုံးတာကျတော့ တွန့်တိုတယ်။ သူသောက်ဖို့ကျတော့ မနှမြောတတ်ဘူး။ ဒီငွေရှစ်ဆယ်နဲ့ ဘာသွား သုံးလောက်မှာလဲဟင်။ သူ့မယား ပစ္စည်းကျတော့ သိတတ်လိုက်တာ။ မရွေးနိုင်တာတောင် မရောင်းရက်ဘူး၊ သူ့ကိုယ်သူ သိန်းထီပေါက်မယ်လို့များ ထင်နေသလား မသိဘူး။ ဒီတော့မှ ပြန်ရွေးမယ်ဆိုတဲ့ အကြံပေါ့လေ”
စင်စစ် ပစ္စည်းတစ်ခုခု ပေါင်နှံ၍ ပြန်လာပြီဆိုလေတိုင်း မအေးမြထံမှ ယင်းစကားမျိုး ကြားရလေ့ရှိသည်။ ယခင်ကဆိုလျှင် သည်စကားမျိုးမှာ အဆန်းတကြယ်မဟုတ်ခဲ့။ ယခုမူ တင်တင်ရီအဖို့ သည်စကားများမှာ ဆန်းကြယ်နေသည်။ တင်တင်ရီ ဆိုမိသည်။
“သူ့မယားပစ္စည်းဆိုတော့ ဖေဖေ့အတွက် အဲဒီပစ္စည်းတွေ ထားရစ်ခဲ့တဲ့ တခြားမိန်းမတစ်ယောက် ရှိခဲ့လို့လားဟင်”
“ဘာရယ်”
သူ၏စကားကို မအေးမြ နားမလည် ဟန်ဖြင့်မေးသည်။ တင်တင်ရီ ပြော၍ မထွက်တော့။
မအေးမြသည် တင်တင်ရီ၏လက်ကို ဖမ်းဆုပ်လိုက်သည်။
“ခုနက ဘာပြောတယ်။ ဘာပြောလိုက်တယ်”
သည်အမေးကို တင်တင်ရီမဖြေ။
“မေမေ့လက်သည်းတွေက ကျွန်တော့် လက်ကို စူးနေတယ်”
သည်စကားကိုသာ ပြောဖြစ်သည်။
မအေးမြသည်ပို၍ နာကျင်စေလိုဟန်ဖြင့် တင်းကျပ်သည်ထက် တင်းကျပ်အောင် ဆုပ်ကိုင်လိုက်သည်။ တင်တင်ရီသည် သူ၏လက်ကို မရုန်း။ နာကျင်မိသည်ကား အမှန်။ သို့ရာတွင် ဝေဒနာကို ကြိတ်မှိတ် သည်းခံသည်။
“မေမေ ကျွန်တော့်ကို ဘာဖြစ်လို့ ဒီလောက် မုန်းနေရတာလဲဟင်”
မအေးမြ၏အကြည့်သည် တင်တင်ရီ၏ အကြည့်နှင့် ဆုံမိသည်။ တင်တင်ရီ၏ မျက်ဝန်းများမှာ နာကြည်းဟန် ပေါ်နေသော်လည်း စူးရှတောက်ပြောင်ကာ အေးစက် မာကျောနေသော်လည်း မျက်ရည်ရစ်ဝဲလျက်ရှိသည်။
“ပြောစမ်းပါ။ ကျွန်တော့်ကို မေမေဘာဖြစ်လို့ ဒီလောက်တောင် မုန်းနေတာလဲ။ ကျွန်တော်နဲ့ မေမေ ဘာမှမတော်လို့ မဟုတ်လားဟင်”
မအေးမြသည် ထိတ်ထိတ်ပျာပျာဖြစ် သွားသည်။ တင်တင်ရီ၏လက်ကို လွှတ်ပေးလိုက်သည်။ တင်တင်ရီ၏ လက်ကောက်ဝတ်မှာ ဆုပ်ကိုင်ထားသောဒဏ်ကြောင့် ရဲနေသည်။ လက်သည်းရာထင်ကာ သွေးစို့နေသည်။
“သွားစမ်း၊ သွားစမ်း၊ ငါ့မျက်စိအောက် မှာ ညည်းရှိနေရင် ငါအသက်တိုလိမ့်မယ်”
တင်တင်ရီမလှုပ်။
“မသွားသေးဘူးလားဟင်”
မအေးမြသည် ပေါင်ဒါဘူးကို ကောက်ယူ ကာ တင်တင်ရီထံ ပစ်ပေါက်လိုက်သည်။ နဖူးကိုမှန်သည်။ အဖုံးပွင့်ကာ တစ်ကိုယ်လုံး ပေါင်ဒါမှုန့်များ ပေကျံကုန်သည်။ သို့တိုင်အောင် တင်တင်ရီရပ်နေမိဆဲ။
“ငါ့ကို သေတဲ့အထိ ဒုက္ခပေးနေမယ့် စနေဂြိုဟ်မ။ ငါသေအောင် လုပ်နေတာလားဟင်။ ငါသေအောင် လုပ်နေတာလား”
မအေးမြသည် ပြောရင်းမှ ဒေါသဖြင့် ပြွမ်းတည်းသော နာကြည်းမှုမျိုးဖြင့် မှန်တင်ခုံတွင် မျက်နှာအပ်ကာ ငိုချလိုက်သည်။ တသိမ့်သိမ့်ရှိုက်နေသည်။
သည်တော့မှပင် တင်တင်ရီသည် မအေးမြအပါးမှ ထွက်ခွာလာခဲ့မိလေသည်။
သည်ကနေ့ ဖေဖေ ကတိတည်သည်။ အလွန်အကျွံ သောက်မလာခဲ့။ မျက်နှာတွင် ပန်းဆီရောင်ပြေးရုံ၊ စကားပြော ကောင်းရုံလောက်သာ သောက်ခဲ့ဟန်တူသည်။
ထမင်းဟင်း ချက်ပြုတ်ပြီးသည်နှင့် တစ်ပြိုင်နက် တင်တင်ရီအိမ်မှ ထွက်သည်။ ဖေဖေအလာကို လမ်းထိပ်မှ ကြိုသည်။ ဖေဖေပြန်လာလေလျှင် သားအဖ နှစ်ယောက် မြစ်ဆိပ်ဘက်သို့ လျှောက်ခဲ့ကြသည်။
အချိန်မှာ ညနေချိန်ဖြစ်သည်။ နေဝင်ရီ တရော ဖြစ်သည်။
အစသော် နှစ်ယောက်စလုံး တိတ်ဆိတ် ငြိမ်သက်စွာ လျှောက်လာခဲ့ကြသည်။ တစ်ယောက်ကစနိုးဖြင့် စကားမပြော ဖြစ်နိုင်သေး။ ဖေဖေသည် ယင်းအချိန်တွင် မကြာခဏ သက်ပြင်းရှိုက်လျက်ရှိလေသည်။ ဤသည်ကိုထောက်၍ ဖေဖေ့အနေ နှင့် စကားစရန် အဘယ်မျှခက်ခဲနေကြောင်း တင်တင်ရီ သိသည်။
သို့ဖြင့် သူကပင် စကားစရသည်။
“ကျွန်တော်ဟာ မအေးမြရဲ့ သမီးမဟုတ်ဘူးဆိုတာ အမှန်ပဲလား ဖေဖေ”
တင်တင်ရီ၏စကားကြောင့် ဖေဖေ တုန်လှုပ်သွားရသည်။
“ဒါကို သမီး ဘယ်က သိသလဲဟင်။ ဪ၊ ဒေါ်သူဇာတို့က ပြောခဲ့ပြီထင်တယ်”
“သူတို့ပြောတာ တစ်ခုတည်းနဲ့ မဟုတ်ပါဘူးဖေဖေ။ သူကျွန်တော့်အပေါ် ဘယ်လောက် ရက်စက်သလဲဆိုတာ ဖေဖေအသိပါ။ အိမ်အလုပ်တွေမှန်သမျှ အစေခံတစ်ယောက်လို သိမ်းလုပ်နေရတာ ကျွန်တော်ပါ။ သူ့ထဘီရေလဲခံကအစ လျှော်ပေးနေရတာ မဟုတ်လား။ ဒါတောင် တစ်ချက်မှ မျက်နှာသာမပေးခဲ့ဘူး မဟုတ်လား။ နောက်တစ်ခုကလည်း ကလေးတွေကို ကျွန်တော် ဘယ်လောက် ချစ်သလဲ။ ကိုယ်တိုင်ထမင်းဝါးခွံ့တဲ့အထိ လုပ်ပေးနေတာပဲ မဟုတ်လား။ ဒါပေမဲ့ တစ်ခါတလေ ဆုံးမတဲ့အနေနဲ့ ရိုက်တာကို “ညည်းက ဂေါတမီမို့လား” ဘာညာနဲ့ ရက်ရက်စက်စက် အပြောခံခဲ့ရတယ် ဖေဖေ”
တင်တင်ရီသည် ဖေဖေ့ရှေ့တွင် တစ်ကြိမ်တစ်ခါမျှ မပြောခဲ့ဖူးသော စကားတို့ကို ပြောမိသည်။
“ဒါတွေကို ဖေဖေသိပါတယ် သမီးရယ်။ ဖေဖေ မြင်ပါတယ်”
“ဒါတွေကြောင့် သူဟာ ကျွန်တော့်အမေအရင်း မဟုတ်ဘူးလို့ ထင်နေတာ ကြာခဲ့ပါပြီဖေဖေ”
ဖေဖေသည် အဝေးသို့ လှမ်းကြည့်နေသည်။ မျက်ဝန်းများမှာ ရီဝေနေသည်။ သက်ပြင်းရှိုက်ခြင်းနှင့်အတူ ဆိုသည်။
“မအေးမြဟာ သမီးရဲ့ အမေအရင်းမဟုတ်တာ အမှန်ပါပဲသမီး။ နောက်တစ်ခုက သူဟာ သမီးရဲ့ အမေအရင်း မဟုတ်သလို ဖေဖေဟာလည်း သမီးရဲ့ အဖေအရင်း မဟုတ်ခဲ့ပါဘူးကွယ်”
“ဗျာ”
တင်တင်ရီ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ အာမေဋိတ်သံသည် ဆီးတားမရဘဲ နှုတ်မှထွက်ပေါ်သွားသည်။
“ဘယ်လိုပြောလိုက်တာလဲ ဖေဖေ။ ဘယ်လိုပြောလိုက်တာလဲ”
“သမီးအမှန်ကို သိချင်တယ် မဟုတ်လား။ ဒါကြောင့် အခုဖေဖေအမှန်ကို ပြောလိုက်တာလေ။ အမှန်တကာ့ အမှန်ဆုံးကို ပြောလိုက်တာလေ”
ဖေဖေ၏ အသံမှာ လှိုက်လှဲလာသည်။
တင်တင်ရီသည် ဖေဖေ့မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်သည်။
ဖေဖေက စကားဆက်သည်။
“တကယ်လို့ သမီးသာ အသက် ခုနစ် နှစ် အရွယ်လောက်က လှေကားပေါ်က လိမ့်မကျခဲ့ဘူးဆိုရင်၊ အတိတ်မေ့ရောဂါ မဖြစ်ခဲ့ဘူးဆိုရင် အဲ့ဒီအရွယ် မတိုင်မီက ဖေဖေတို့တစ်တွေ ပျော်ပျော်ရွှင်ရွှင်နေခဲ့တာကို သတိရမှာပါ။ သမီးရဲ့ မေမေဟာ ဘယ်လိုမိန်းမတစ်ယောက်လဲဆိုတာ သိမှာပါ။ အခုတော့ သမီးရယ် သမီး ကိုယ်တိုင်က ဒါတွေ အမှတ်မရနိုင်တာ က ခက်နေတာပါ”
တင်တင်ရီ ကျိတ်၍ရှိုက်သည်။
“သမီးဟာ ဖေဖေ့သမီးအရင်း မဟုတ်တဲ့တိုင် သမီးကို ဖေဖေ သမီးအရင်းနဲ့ မခြား ချစ်ခဲ့ပါတယ်ကွယ်”
“ဒါကို ယုံပါတယ်ဖေဖေ။ ဒါကိုယုံလို့လည်း ကျွန်တော်ဟာ ဖေဖေ့သမီးအရင်း မဟုတ်ဘူးဆိုတာကို အံ့သြနေရတာပါ”
“ဒီအကြောင်းတွေကို ပြန်မပြောပါဘူးလို့ သမီးရဲ့မေမေကို ကတိပေးခဲ့ရတယ်။ သမီးကသာ စမလာရင်လည်း တစ်သက်လုံး မျိုသိပ်ထားဖို့ပါပဲ။ ဒါပေမဲ့ သမီးကိုယ်တိုင်က စလာတယ်။ သမီးကလည်း အရွယ်ရောက်လာပြီး စဉ်းစားချင့်ချိန်နိုင်ပြီး၊ နောက်ပြီး အခြေအနေ တွေကလည်း ထင်မှတ်ခဲ့သလို မဟုတ် တော့ဘူးလေ။ ဒါကြောင့် ဒီအကြောင်း ကို ဖွင့်ပြောရတာပါ။
“မိုးသည်းသည်းထန်ထန်ရွာနေတဲ့ တစ်ညမှာ သမီးရဲ့ မေမေဟာ ဖေဖေ့အိမ်ကို ရောက်လာတယ်။ သမီးတို့ရောက်လာတဲ့ ညကို ဖေဖေမမေ့သေးဘူး။ အမှတ်ရနေဆဲပါပဲကွယ်။ အဲဒီည သန်းခေါင်ကျော်လောက်မှာ အိမ်အောက်ထပ်က တံခါးခေါက်သံ ကြားရတယ်။ ကလေးငိုသံလည်း ကြားရတယ်။ ဒါနဲ့ ဖေဖေအိပ်ရာက နိုးလာပြီး အောက်ထပ်ကို ဆင်းခဲ့တယ်။ ဒီမှာတင် တစ်ကိုယ်လုံး မိုးရေရွဲနေတဲ့ သမီးတို့ သားအမိကို တွေ့ရတယ်။ သမီးရဲ့ မေမေဟာ မိုးရေမိပြီး ခိုက်ခိုက်တုန်အောင် ချမ်းနေတယ်။ အိမ်ပေါ်ရောက် တယ်ဆိုရင်ပဲ သူဟာ သတိမေ့မြောသွားတယ်။ ဒီတုန်းက တကယ်လို့ ဒီထက် တစ်နာရီနှစ်နာရီလောက်သာ နောက်ကျပြီးမှတွေ့မယ်ဆိုရင် အဲဒီကတည်းက သမီးတို့ကို အသက်နဲ့အတူတွေ့ရမှာ မဟုတ်တော့ဘူး”