တီဟီရန် မေ ၁

 

အီရန်နိုင်ငံက အမျိုးသားအကျိုး စီးပွားကို အလုံးစုံ ကာကွယ်ပြီးသည့်တိုင် ၂၀၁၅ ခုနှစ် နျူကလီးယား သဘောတူစာချုပ်ကို  ပြန်လည်အသက်သွင်းရန် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့ ကတိပြုခဲ့ကြောင်း သိရသည်။

 

 ဗီယင်နာ နျူကလီးယားဆွေးနွေးပွဲ အောင်မြင်မှုမရှိကြောင်းကို ဝန်ခံရန် နီးကပ်နေပြီဟု အမေရိကန်၏ ပြောကြားမှုကို တုံ့ပြန်ပြောကြားရာတွင် အထက်ပါ ကတိပြုချက်ကို  အီရန်အစိုးရ၏   ပြောရေးဆိုခွင့်ရှိသူ  အလီဘာဟာဒိုရီ ဂျရိုမီက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နျူကလီးယားဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများသည် အီရန်နိုင်ငံ၏ အဓိကဆောင်ရွက်ချက်များအနက်  တစ်ခုအပါအဝင်ဖြစ်ကြောင်း ဂျရိုမီက ဆိုသည်။

 

ထို့ပြင် နိုင်ငံ၏အကျိုးစီးပွားနှင့် နျူကလီးယားဖွံ့ဖြိုးမှုဆိုင်ရာ အခွင့်အရေးများကို ကာကွယ်လျက်ရှိပြီး တစ်ဖက်ကလည်း နိုင်ငံတကာသံတမန်ရေးဆိုင်ရာ လုပ်ငန်းမူဘောင်နှင့်အညီ  ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း  ၎င်းက ဆက်လက်ပြောကြားသည်။

 

၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီရန်နိုင်ငံက  ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့် ချုပ်ဆိုထားသည့်  the  Joint Comprehensive  Plan of Action (JCPOA) သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့သည်။  ယင်းသဘောတူညီမှုကြောင့် အီရန်နိုင်ငံက နျူကလီးယားဖွံ့ဖြိုးမှုအစီအစဉ်ကို ရပ်တန့်ခဲ့ရပြီး အပြန်အလှန်အနေဖြင့် နိုင်ငံတကာက ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည်။

 

သို့သော် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ် မေလတွင် အဆိုပါ  သဘောတူညီမှု စာချုပ်မှနုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့သည်။

 

၂၀၂၁ ခုနှစ် ဧပြီမှစပြီး အီရန်နိုင်ငံနှင့် ၂၀၁၅ ခုနှစ်နျူကလီးယားစာချုပ်ပါ နိုင်ငံများအကြား  နျူကလီးယား ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိသည်။

 

အမေရိကန်အစိုးရများက နျူကလီးယားသဘောတူညီချက်ကို မည်သည့်နည်းနှင့်မျှ စွန့်ပယ်ခြင်းမပြုရန် နှင့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် အီရန်အစိုးရက တောင်းဆိုထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်