ပေကျင်း မေ ၁

 

တရုတ်နိုင်ငံအလယ်ပိုင်း ချန်ရှားမြို့၌ ဧပြီ ၂၉ ရက်က ရှစ်ထပ်တိုက်တစ်လုံး ပြိုကျခဲ့ရာ အပျက်အစီး အပိုင်းအစများအောက်တွင် လူပေါင်းများစွာ ပိတ်မိလျက်ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။

 

အဆိုပါ အခင်းဖြစ်ရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ရောက်ရှိလာပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်အထိ အပျက်အစီးများအောက်မှ ခြောက်ဦးအား ကယ်ဆယ်ပြီး ဖြစ်ကြောင်း သိရသည်။

 

ဟူနန်ပြည်နယ်ရှိ ချန်ရှားမြို့၌ တည်ရှိသည့် ရုပ်ရှင်ရုံ၊ လူနေတိုက်ခန်းများနှင့် ဟိုတယ်တို့ပါရှိသော အဆိုပါ အဆောက်အအုံသည် ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းတွင် ပြိုကျခဲ့ခြင်းဖြစ်သည်။

 

အဆောက်အအုံ ပြိုကျမှုကြောင့် အနည်းဆုံး ၂၃ ဦး ပိတ်မိနေပြီး အခြား ၃၉ ဦးသည် အခင်းဖြစ်ပွားပြီး နောက် အဆက်အသွယ်ရရှိခြင်း မရှိသေးကြောင်း ချန်ရှား မြို့တော်ဝန်က ပြောကြားသည်။ လက်ရှိအချိန်အထိ လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများကို အတိအကျမသိရှိ ရသေးကြောင်း ဒေသန္တရအာဏာပိုင်များ က ဆိုသည်။

 

ယင်းအဆောက်အအုံ ပြိုကျမှု၏ အကြောင်းရင်းခံကို အမြန်ဆုံးစုံစမ်း စစ်ဆေးရန်နှင့် ပိတ်မိနေသူများအား အမြန်ဆုံးကယ်တင်ရန် သမ္မတ ရှီကျင့်ဖျင် က ဒေသန္တရအာဏာပိုင်များအား တိုက်တွန်းပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်