ညောင်ဦး မေ ၂

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာငါးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောပြားအုပ်စု ကန်သစ်ကြီးတဲတိုက်၊ ကမ္မအုပ်စု ချောင်းအိမ်စုတဲတိုက်နှင့် ငါ့မင်းမေးအုပ်စု ထန်းပေါက်တောကျေးရွာတို့တွင် စက်ရေတွင်း(တွင်းနက်) တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ သပြေအိုင့်အုပ်စု သပြေအိုင့်ကျေးရွာတွင် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းနှင့် ထီးပုအုပ်စု ဒဟတ်ကန်ကျေးရွာတွင် မြေသားကန်တူးဖော်ခြင်းလုပ်ငန်းတို့ကို ယခုလတတိယပတ်မှ စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အဆိုပါလုပ်ငန်းများကို လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို ပြည်ထောင်စု၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၉၂ ဒသမ ၄၈ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများအားလုံး ပြီးစီးသွားပါက သက်ဆိုင်ရာကျေးရွာရှိ အိမ်ခြေ ၉၀၀ ကျော်၊ လူဦးရေ ၃၆၀၀ ကျော်ကို အကျိုးပြုမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးလွင်က ပြောပြ၍ သိရသည်။

 

မင်းမြင့်မိုရ်(ကျေးလက်)