ရန်ကုန် မေ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဝန်ထမ်းများအနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် နည်းပညာဆိုင်ရာ ပညာရပ်များကို သိရှိနားလည် တတ်မြောက်အသုံးချနိုင်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် မြေပုံ Software နှင့် GIS အသုံးပြုနည်း အခြခံသင်တန်း အမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးဌာန၊ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက် အတွင်းဝန်/ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မြေပုံ Software နှင့် GIS အခြေခံ အသုံးပြုနည်း သင်တန်းတွင် လေ့ကျင့်အသုံးပြုမည့် သင်ထောက်ကူ ပစ္စည်းများကို ကြည့်ရှုစစ်ဆေး၍ သင်တန်းနည်းပြများနှင့် သင်တန်းသားများအား လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏ မြေပုံ Software နှင့် GIS အသုံးပြုနည်း အခြေခံ သင်တန်း အမှတ်စဉ် (၁) ကို သင်တန်းသား ၂၀ ဖြင့်လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂) ကို သင်တန်းသား သင်တန်းသူ ၂၇ ဦးဖြင့်လည်းကောင်း ယခင်နှစ်များတွင် လေ့ကျင့် သင်ကြားပေးခဲ့ပြီး ယခု သင်တန်းအမှတ်စဉ် (၃) တွင် သင်တန်းသား / သင်တန်းသူ ၂၀ တက်ရောက်ကြကာ မေ ၂ ရက်မှ ၂၇ ရက်အထိ လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်