နေပြည်တော် မေ ၂
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါအခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ပုစ္ဆက ဆရာတော်များ၊ ကြီးကြပ်ရေး ဆရာတော်များအပါအဝင် ပင့်သံဃာ ၃၃ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော မူလအဘိဓမ္မ ကောဝိဒ ၁ ပါး၊ ဒီဃနိကာယကောဝိဒ ၁ ပါး၊ ဝိနယကောဝိဒ ၇ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၁၀ ပါး၊ စာအောင်သံဃာ အပါး ၂၀ ၊ စုစုပေါင်း သံဃာတော် ၅၃ ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်မည်ဖြစ်ပါသဖြင့် အလှူရှင်များအနေဖြင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ၀၉-၈၈၀၅၆၀၇၉၀၊ ၀၉-၄၄၃၁၉၀၁၉၃၊ ၀၁-၆၆၄၅၇၈ သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်