ခရမ်းစိုးမြင့်

 

လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးစသည့် အကျိုးကျေးဇူးများရရှိလာနိုင်သဖြင့် နိုင်ငံတော် အစိုးရက လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကို ဝန်ကြီးဌာနများအား ခွဲဝေတာဝန်ပေးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ပြည်ထောင်စု လမ်းမကြီးများ၊ ခရိုင်ချင်းဆက်နှင့် မြို့နယ်ချင်းဆက်လမ်းများကို တာဝန်ယူဆောင်ရွက်ရသလို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနပိုင်လမ်းများ၊ ရန်ကုန် မြို့တော်နှင့် မန္တလေးမြို့တော်၊ နေပြည်တော် မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လမ်းများ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးပိုင် မဟာဗျူဟာလမ်းများ စသည့်နိုင်ငံတော်၏ အဓိကလမ်းများကိုလည်း တာဝန်ယူဆောင်ရွက်လျက် ရှိသည်။

 

နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်စနစ်

 

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံတွင်ရှိသော တိုင်းရင်းသား ပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္ပဏီများနှင့် ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနတို့ နှစ်ဦးနှစ်ဖက် သဘောတူ (Build Operate & Transfer) စာချုပ် စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ BOT စနစ်ဖြင့် ပဲခူး- ဘုရားကြီး-ကျိုက်ထို- သထုံ- မော်လမြိုင်နှင့် ပဲခူး- ဘုရားကြီး- ကျိုက်ထို- သထုံ- မြိုင်ကလေး- ဘားအံ လမ်း ၁၆၁ မိုင် ၆ ဖာလုံကို အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးသွားပြီဟု သိရသည်။

 

အဆိုပါ ပဲခူး- ဘုရားကြီး- ကျိုက်ထို- သထုံ- မော်လမြိုင်လမ်းနှင့် ပဲခူး- ဘုရားကြီး- ကျိုက်ထို- သထုံ- မြိုင်ကလေး- ဘားအံကားလမ်းသည် ကုမ္ပဏီအနေဖြင့် BOT ယူခဲ့စဉ်က ၁၆ ပေ၊ ၁၈ ပေ၊ ပေ ၂၀၊ ၂၂ ပေ၊ ၂၄ ပေ စသည်ဖြင့် အသီးသီးပါခဲ့သော်လည်း ချဲ့ရန်မလိုသည့် ၁၄ မိုင် ၄ ဖာလုံမှလွဲ၍ ကျန်ရှိသည်များကို ၃၆ ပေအထိ ချဲ့၍ လေးလမ်းသွား ဆောင်ရွက်ပေးခဲ့သည်။

 

ပေ ၁၈၀ အောက် တံတားပေါင်း ၃၃၉ စင်း

 

အဆိုပါ အဝေးပြေးကားလမ်းမကြီး အရှည်မိုင် ၁၆၁ မိုင် ၆ ဖာလုံပေါ်တွင် ပေ ၁၈၀ အထက်တံတား ခုနစ်စင်း၊ ပေ ၁၀၀ မှ ပေ ၁၈၀ အထိ တံတား ခြောက်စင်း၊ ပေ ၇၀ မှ ပေ ၁၀၀ အထိ တံတား၂၃ စင်း၊ ၁၀ ပေမှ ပေ ၅၀ အထိရှိသည့် တံတား ၁၂ စင်း၊ ၁၀ ပေအောက် တံတား ၂၄၇ စင်း စုစုပေါင်း တံတား ၇၀၇ စင်း ပါရှိခဲ့ရာ BOT ကုမ္ပဏီအနေဖြင့် ၎င်းဆောင်ရွက်ရမည့် ပေ ၁၈၀ အောက် တံတား ပေါင်း ၃၃၉ စင်းကို အဆင့်မြှင့်တင်၍ အုတ်တံတားအဖြစ် ဆောင်ရွက်ပြီးပြီဟု သိရသည်။

 

လျင်မြန်စွာရောက်ရှိ

 

အဆိုပါ ပဲခူး-ကျိုက်ထို-မော်လမြိုင်နှင့် ကရင်ပြည်နယ် ဘားအံသွား အဝေးပြေးလမ်းမကြီးကို အသုံးပြု သွားလာနေကြသည့် ပဲခူး၊ ဘုရားကြီး၊ ဝေါ၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင် နှင့် သထုံမှခွဲ၍ မြိုင်ကလေး၊ ဘားအံတို့မှ ဒေသထွက်ကုန် ရော်ဘာနှင့် သားငါးများ၊ ဟင်းသီး ဟင်းရွက် စားကုန်များမှာ ပဲခူး၊ ရန်ကုန်မှတစ်ဆင့် မြန်မာပြည်အရပ်ရပ်သို့ လျင်မြန်စွာရောက်ရှိနေပြီဟု သိရသည်။