ကံမ မေ ၃
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် မေ ၂ ရက် မွန်းလွဲပိုင်းက ကံမမြို့နယ်သို့ရောက်ရှိ၍ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် နတ်မီးတောက်-ပုထိုး မြေသားလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ခန်းမတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက ဒေသဆိုင်ရာ အချက်လက်များနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် လူငယ်ရေးရာဖွံ့ဖြိုးရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား EIA စနစ်ဖြင့် ဆောင်ရွက်နေမှုတို့ကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ တင်ပြမှုများအား ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရန် ကျေးလက်နေပြည်သူများ၏ ဘဝမြင့်မားရေးအတွက် အဓိကထား ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများအောင်မြင်စေရန် တီထွင်ကြံဆ ထိုးဖောက်လုပ်ကိုင်ကြရန်နှင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မဒေးဆည်ရေသောက် နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ စပါးအထွက်နှုန်း ကောင်းမွန်စေရေး စိုက်ပျိုးရေ ပြည့်ဝစွာရရှိရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)