ရှမ်းရွာသစ် မေ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပရေကြေတိုရေတံခွန်သို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ မိသားစုများ၊ အပေါင်းအဖော်သူငယ်ချင်းများနှင့် စုပေါင်းလာရောက်ပြီး အပန်းဖြေရေကစားသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါရေတံခွန်သို့ အပန်းဖြေလာရောက်ကြသူများမှာ ဘားအံမြို့အတွင်းရှိ မြို့နယ်များမှ အများဆုံး လာရောက်သော ဧည့်သည်များအပြင် အခြားမြို့နယ်များမှပါ လာရောက်ရေကစားကြရာ ရေတံခွန်တစ်လျှောက် ရေကူးကြသူများ၊ အပန်းဖြေအနားယူကြသူများ၊ ဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိပြီး ဒေသထွက် ရာသီစာ ဟင်းသီးဟင်းရွက်များ ရောင်းချနေကြသော ဒေသနေပြည်သူများအနေဖြင့် အပိုဝင်ငွေရရှိကြကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ပရေကြေတိုရေတံခွန်သို့ လာရောက်အပန်းဖြေရေကစားသူများ အေးချမ်းပျော်ရွှင် အနားယူအပန်းဖြေစေရန်နှင့် ရေတံခွန် သန့်ရှင်းသာယာလှပစေရန်အတွက် တာဝန်ရှိသူများတို့က ရာသီစာ ဟင်းသီးဟင်းရွက်များ ရောင်းချနေကြသော ဈေးသည်များအား သတ်မှတ်နေရာများတွင် စနစ်တကျ ခင်းကျင်းရောင်းချရန်၊ စွန့်ပစ်သည့်အမှိုက်များအား စနစ်တကျ စွန့်ပစ်ကြရန်နှင့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ ရေကစားကြရန်အတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)