ကျွန်းစု မေ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာတွင် အိမ်သုံးမီးဖို မီးကြွင်းမီးကျန်များမှတစ်ဆင့် မေ ၂ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကမ်းကြီးကျေးရွာနေ ဦးအေးတုံး၏ နေအိမ်တွင် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်က အိမ်သုံးမီးဖို မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ပြည်သူတစ်ဦး၏ သတင်းပို့ အကြောင်းကြားမှုကြောင့် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကျေးရွာရှိ ရေတွင်း/ရေကန်များအား အသုံးပြုငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဦးအေးတုံး၏ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်သည် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)