ပရီမီယာလိဂ်ပွဲစဉ် (၃၅)မှ မန်ယူအသင်းနှင့် ဘရန့်ဖို့ဒ်အသင်းတို့ ပွဲစဉ်ကို မေ ၃ ရက် နံနက်ပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ မန်ယူအသင်းက သုံးဂိုး - ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင် ရရှိသည်။ အဆိုပါ ပွဲစဉ်သည် ယာယီနည်းပြ ရန်းနစ်ခ် တာဝန်ယူကိုင်တွယ်သည့် ပွဲစဉ်များ အနက် ဂိုးအပြတ်ဆုံး နိုင်ပွဲတစ်ပွဲ ဖြစ်လာခဲ့သလို နောက်ဆုံး အိမ်ကွင်း ပွဲစဉ်လည်းဖြစ်သည်။

ယခုနှစ်ရကသီတွင် ပထမဆုံးပွဲထွက်ကစားသမားအဖြစ် ပါဝင်လာသည့် မာတာသည် ရာသီကုန်တွင် မန်ယူအသင်းမှ ထွက်ခွာတော့မည်ဖြစ်သောကြောင့် အဆိုပါပွဲစဉ်သည် အိုးထရက်ဖို့ဒ်၌ ၎င်း၏ နောက်ဆုံးပွဲစဉ်လည်း ဖြစ်လာခဲ့သည်။ ပွဲချိန်ကိုးမိနစ်တွင် မန်ယူအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဖာနန်ဒက်စ်က သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၄၄ မိနစ်တွင် မန်ယူအသင်းမှ စီရော်နယ်ဒို ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဗွီအေအာရ်ဖြင့် ပယ်ဖျက်ခဲ့သောကြောင့် နစ်နာခဲ့ရသည်။

ပွဲချိန် ၆၁ မိနစ်တွင် မန်ယူအသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိပြီး စီရော်နယ်ဒိုက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည်။ မန်ယူအသင်းအတွက် အနိုင်သေချာစေမည့် တတိယဂိုးကို ပွဲချိန် ၇၂ မိနစ်တွင် ဗာရာနီက သွင်းယူပေးခဲ့သည်။ ဘရန့်ဖို့ဒ်အသင်းသည် ဂိုးကန်သွင်းခွင့် အသာရခဲ့သော်လည်း အသင်း ကစားသမားများ အဆုံးသတ်အားနည်းမှုကြောင့် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

မန်ယူအသင်းသည် ယခုနိုင်ပွဲကြောင့် ၃၆ ပွဲကစားပြီး ၅၈ မှတ် ရရှိကာ အဆင့် (၆) တွင် ရပ်တည်လျက် ပြိုင်ဘက် ဘရန့်ဖို့ဒ်အသင်းက ၃၅ ပွဲကစားပြီး ရမှတ် ၄၀ ဖြင့် အဆင့် (၁၄) တွင် ရပ်တည်နေသည်။

အောင်ဇော်