ရန်ကုန် မေ ၄
(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် မေ ၃ ရက်က တောင်ကိုရီး ယား ယူ-၂၀ အမျိုးသမီးအသင်းနှင့် ထပ်မံခြေစမ်းကစားခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် တောင်ကိုရီးယား ယူ-၂၀ အသင်းကို ပထမပွဲရလဒ်အတိုင်း သုံးဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးတင်မြင့်အောင်သည် ယခင်ခြေစမ်းပွဲနှစ်ပွဲတွင် အသုံးပြုခဲ့သည့် မတူညီသည့် ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ပြီး မေဇင်နွယ်(ဂိုး)၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ နန့်ဇူဇူးထက်၊ ခိုင်သဇင်၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ ပုံပုံပြည့်မောင်၊ လင်းမြင့်မိုရ်၊ ခင်မိုးဝေ၊ မြတ်နိုးခင်တို့ကို အသုံးပြုခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ပွဲချိန်အတွင်း နန့်ဇူဇူးထက် အစား အေးအေးမိုး၊ ခိုင်သဇင် အစား ဖြူဖြူဝင်း၊ သင်းသင်းယု အစား ခင်မာလာထွန်း၊ ပုံပုံပြည့်မောင် အစား နော်ထက်ထက်ဝေ၊ လင်းမြင့်မိုရ် အစား ဂျူလိုင်ကျော်၊ ချစ်ချစ် အစား ဇွန်ယုယဦးတို့ကို လဲလှယ်အသုံးပြုခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် တောင်ကိုရီးယားခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲ သုံးပွဲကစားရာ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ တောင်ကိုရီးယား ယူ-၂၀ အမျိုးသမီး အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲစလုံး သုံးဂိုးပြတ်ဖြင့် အရေးနိမ့်ခဲ့ပြီး ဆိုးလ်စီးတီးအမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲတွင် တစ်ဂိုးစီ သရေကျခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် မေ ၅ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၌ လေ့ကျင့်မည်ဖြစ်ပြီး မေ ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
သတင်း - ကိုညီလေး၊ ဓာတ်ပုံ - MFF