ရန်ကုန်  မေ ၄

 

ပြည်တွင်းမှ ပို့ကုန်နှင့် ပြည်ပသွင်းကုန်များ တိုးမြှင့်တင်ပို့နိုင်ရန် ကုန်သေတ္တာတင် သင်္ဘောလိုင်း များအနေဖြင့် ခရီးစဉ်များတိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိရာ ယခုလတွင် ကုန်သေတ္တာတင်သင်္ဘော ၅၄ စီးပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။

 

မေလတွင် သင်္ဘောလိုင်း ၁၂ လိုင်းမှ ကုန်သေတ္တာသင်္ဘော ၅၄ စီး ဝင်ရောက်ဆိုက်ကပ်မည် ဖြစ်သည်။ ရန်ကုန်ဆိပ်ကမ်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်စီမံဆောင်ရွက်မှုနှင့် ကုန်သေတ္တာဆိပ်ကမ်း တံတားများ၊ သင်္ဘောလိုင်းများနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကုန်သေတ္တာတင်သင်္ဘောများအား Turnaround Time ပျမ်းမျှ ၃ ရက်ခန့်ဖြင့် ဝန်ဆောင်မှုများပေးနိုင်ခဲ့ရာ သင်္ဘောဝင်ရောက်မှုနှင့် ကုန်ကိုင်တွယ်မှု ပြန်လည် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 

ပြည်ပမှမှာယူတင်သွင်းသော ကုန်သေတ္တာများ အမြန်ဆုံးဆိပ်ကမ်းမှ ထုတ်ပေးနိုင်ရန်၊ ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ ပုံမှန်အတိုင်းလည်ပတ်နိုင်စေရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းတံတားများမှ ဝန်ဆောင်မှုပေးလျက်ရှိရာ ယခုလတွင် Sealand Maersk Asia လိုင်းမှ (၁၃)စီး၊ Sitc Line လိုင်းမှ(၇)စီး၊ New Golden  Sea(Cosco) လိုင်းမှ(၅)စီး၊ Samudera Line လိုင်းမှ(၅)စီး၊ I.A.L Line လိုင်းမှ(၄)စီး၊ C.S.L လိုင်းမှ(၃)စီး၊ Ever Green လိုင်းမှ(၃)စီး၊ Golden Star Line လိုင်းမှ(၃)စီး၊ Mfsl Lineလိုင်းမှ(၃)စီး၊ P.I.L Lineလိုင်းမှ(၃)စီး၊ Land and Sea လိုင်းမှ(၂)စီးနှင့် R.C.L Line လိုင်းမှ(၃)စီးတို့ဖြင့်  ပို့ကုန်/သွင်းကုန်များ တိုးမြှင့်နိုင်ရန် ကုန်သေတ္တာတင် သင်္ဘော (၅၄)စီးအား ပြေးဆွဲဆိုက်ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကနူး

ညိမ်းသူ ( သတင်းစဉ်)