နေပြည်တော်   မေ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မေ ၂ ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ် စမ်းခါးကျေးရွာရှိ လုံယောင်းကုမ္ပဏီက စိုက်ပျိုးထားရှိသည့် တစ်သျှူးငှက်ပျော စိုက်ခင်းများနှင့် ငှက်ပျောခိုင်များ ခုတ်သိမ်းထုပ်ပိုးနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြည်ပပို့ကုန်အဖြစ် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ရာတွင် သက်ဆိုင်ရာနိုင်ငံ၏ သတ်မှတ် စံချိန်စံညွှန်းများ ညီညွတ်စေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့ရာတွင် သီးနှံအရည်အသွေးကောင်းမွန်မှု တစ်ခုတည်းဖြင့် ဈေးကွက်သို့ ဝင်ရောက်၍မရနိုင်ဘဲ ဓါတ်ကြွင်းပါဝင်မှု ကန့်သတ်ချက်နှင့် အပင်ပိုးမွှားကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်များကို တိကျပြည့်စုံစွာ လိုက်နာဆောင်ရွက် ကြမှသာ ငှက်ပျောတင်ပို့ခွင့်နှင့် ပတ်သက်သည့် နှစ်နိုင်ငံသဘောတူစာချုပ်၏ အကျိုးကျေးဇူးကို ခံစားနိုင်ကြမည် ဖြစ်ကြောင်း ပြောကြားသည်။

 

မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ရရှိရေး သဘောတူညီချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)တို့အကြား အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ရာ ပြည်တွင်းမှ တစ်သျှူးငှက်ပျော လုပ်ငန်းရှင်များအနေဖြင့် တရားဝင် တင်ပို့ရောင်းချနိုင်လျက်ရှိကြောင်း၊(၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်အတွင်း ငှက်ပျောတန်ချိန် (၈)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ  ၃၂၈ သန်း ခန့် နိုင်ငံခြားဝင်ငွေ ရရှိခဲ့ ကြောင်း၊ ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းကို ဖွဲ့စည်းထားရှိပြီး ငှက်ပျော၊ ပြောင်းဖူး၊ ရော်ဘာ၊ ငရုတ်နှင့် သီးနှံစုံစိုက်ပျိုး ထုတ်လုပ် လျက်ရှိကြောင်း၊ တရုတ်ကုန်သွယ်လမ်း အနီးတွင်ရှိသည့် ကချင်ပြည်နယ် တွင် တစ်သျှူးငှက်ပျောကို အဓိကထား စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ ငှက်ပျောစိုက်ပျိုးသူများ လိုက်နာ ဆောင်ရွက်ရမည့် အချက်များတွင် စိုက်ပျိုးထုတ်လုပ်မည့် ဒေသနှင့်ခူးဆွတ်ရမည့် ကာလအပါအဝင် ရိတ်သိမ်းချိန်လွန် ဆေးစီရင်ခြင်း နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဖျက်ပိုးကာကွယ် နှိမ်နင်းခြင်းအတွက် စိုက်ပျိုးရေးသုံး ဓါတုပစ္စည်းများ စနစ်တကျသုံးစွဲခြင်းနှင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့် ကောင်း (GAP) စံချိန်စံနှုန်းနှင့် အညီလိုက်နာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အလားတူ တင်ပို့သူများသူနှင့် စစ်ဆေးသူတို့ လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်ကြောင်း၊ ဝန်ကြီးဌာနက ငှက်ပျောတင်ပို့ မည့်ရာသီမတိုင်မီ GACC သို့ပေးပို့နိုင် ရန်အတွက် ငှက်ပျောစိုက်ခင်းများနှင့် ထုပ်ပိုးရုံများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် မှတ်ပုံတင်ရန် လိုအပ်ကြောင်း သိရသည်။

(သတင်းစဉ်)