ပွင့်ဖြူ မေ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို မေ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းတွင် ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရကာ တစ်မြို့နယ်လုံး စာဖြေသံဃာ(၆၁)ပါး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားကြောင်း ပွင့်ဖြူမြို့နယ် သာသနာရေး ဦးစီးဌာန တာဝန်ခံ မြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲအား ဝင်ရောက်ဖြေဆိုမည့် စာဖြေသံဃာများ စိတ်အေးချမ်းသာစွာ ဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် စေတနာအလှူရှင်များက နေ့အလိုက် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အချိုရည်နှင့် မုန့်များ ဆက်ကပ်လှူဒါန်းခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်မှာ ယခုနှစ် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ် ၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မေ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲဖြေဆိုမည့် နေရာကိုလည်း ကြိုတင်စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်၊ တစ်မြို့နယ်လုံး စာဖြေသံဃာစာရင်းအနေနဲ့က ပထမကြီးတန်း ၁၁ ပါး ၊ ပထမလတ်တန်း ၁၃ ပါး ၊ ပထမငယ်တန်း ၁၃ ပါး ၊ အခြေပြုမူလတန်း ၂၄ ပါး၊ စုစုပေါင်း စာဖြေသံဃာဦးရေ ၆၁ ပါး ဝင်ရောက်ဖြေဆိုသွားမှာဖြစ်ပါတယ်" ဟု မြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူး က ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)