နေပြည်တော်၊ မေ ၅
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယနေ့ အလုပ် ရုံဆွေးနွေးပွဲတွင် စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်ခြင်းနှင့် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်၏ သင်္ကေတ လက္ခဏာများ၊ ဈေးကွက်ရှာဖွေရေး၊ မှတ်တမ်းထိန်းသိမ်းခြင်း၊ ဝယ်ယူရေးနှင့် စတော့ခ် ထိန်းချုပ်မှု၊ တန်ဖိုးတွက်ချက်ခြင်း၊ လုပ်ငန်းစီမံကိန်းရေးဆွဲ ခြင်း၊ ဝန်ထမ်းများစီမံခန့်ခွဲ ခြင်းနှင့် ကုန်ထုတ်လုပ်မှုဟူသော ဘာသာရပ်များကို ဆွေးနွေး၍ ရလဒ်များကို ညှိနှိုင်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း များကို ဦးဆောင်နေသည့် အရာထမ်း များသည် စီးပွားရေးဘာသာရပ်၏ သီအိုရီများနှင့် အခြေခံမူများကို သိရှိကျွမ်းကျင်နေ ရမည့်အပြင် ခေါင်းဆောင်မှုပညာရပ်ကိုလည်း သိရှိနားလည်၍ အထက်၊ အောက်၊ ဘေးတိုက် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်သူများဖြစ်ရန်လိုအပ် ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် လုပ်ငန်း များကို သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ တီထွင်ဆန်းသစ်မှုများကို ဆောင်ရွက်နေရန် လိုအပ်ပါကြောင်း၊ ထုတ်ကုန်၏ တီထွင်ဆန်းသစ်မှု၊ ထုတ်လုပ် မှုနည်းစဉ်၏ ဆန်းသစ်မှု၊ ဈေးကွက်ဖော်ဆောင်မှုပုံစံများ တီထွင်ဆန်းသစ်မှုတို့ကို စဉ်ဆက်မပြတ် ထည့်သွင်း ဆောင်ရွက်သွားရန် လေ့ကျင့်ဆောင်ရွက်နေရမည်ဖြစ် ကြောင်း၊ ယင်းအတွက် စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းအင်အားထုကို စုစည်း တည်ဆောက်ရန်မှာ ဝန်ကြီးဌာနအတွက် အရေးကြီးသော လိုအပ်ချက်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းအစီအစဉ်များကို ဆက်လက် ကျင်းပရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနေလွင်ထွဋ် က စီးပွားရေးစိတ်ကူးစိတ်သန်းများဖော်ထုတ်ခြင်း၊ ဈေးကွက်ရှာဖွေခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေးက ကုန်ကြမ်းဝယ်ယူ ခြင်းနှင့် လက်ကျန်ပစ္စည်းများ ထိန်းချုပ်ကိုင်တွယ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်ကျစရိတ်တွက်ချက်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နည်းပြအရာရှိ ဒေါ်စုစန္ဒာထွန်းက ဝန်ထမ်းများစီမံခန့်ခွဲ ခြင်းနှင့် ကုန်ထုတ်လုပ်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမှတ်(၁)အကြီးစား စက်မှု လုပ်ငန်းမှ ဒေါက်တာသွယ်နုဝါက စီးပွားရေး လုပ်ငန်းအစီအစဉ်ရေးဆွဲခြင်း ခေါင်းစဉ် ဖြင့်လည်းကောင်း ဆွေးနွေးကြသည်။
ဆက်လက်၍ ဆွေးနွေးမှုများအပေါ် အခြေခံ၍ တက်ရောက်လာသည့် အဆင့်မြင့် အရာထမ်းများက အုပ်စုလိုက် ညှိနှိုင်းဆွေးနွေးကာ ဆွေးနွေးမှုရလဒ်များကို အဖွဲ့လိုက် တင်ပြကြကာ တက်ရောက်လာသူများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးရာ အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး ဝန်ကြီးဌာနအတွက် အကျိုးရှိသော ရလဒ်များကို ဖော်ထုတ်သွားမည် ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ အဆင့်မြင့်အရာထမ်း (၁၄၃)ဦး တက်ရောက် ခဲ့ပြီး (၂)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


