မော်လမြိုင် မေ ၇
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မေ ၆ ရက်က မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်း ပြင်ဆင်ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာ အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်းနှင့် အထူးတန်းပွဲကြည့်စင် တည်ဆောက်ခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ ပြည်နယ်အားကစား ဥယျာဉ်စီမံကိန်းသို့ ရောက်ရှိပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စီမံကိန်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအတွက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ဆောက်လုပ်ရန် မှာကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပြည်နယ်အားကစားဥယျဉ်အတွင်း တည်ဆောက်လျက်ရှိသော ပေ ၁၂ဝ × ၄၄ ပေ RC သုံးထပ် အားကစားသမား အိပ်ဆောင် နှစ်ဆောင် တည်ဆောက်ရေးလုပ်ငန်း၊ ပေ ၁၂ဝ × ပေ ၄၀ RC နှစ်ထပ် ထမင်းစားဆောင် တည်ဆောက်ရေးလုပ်ငန်း၊ ပေ ၆၀ × ပေ ၃၀ RC မီးဖိုဆောင် တည်ဆောက်ရေး လုပ်ငန်း၊ ၁၀၇ ပေ ×၂၉ ပေ RC လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်း၊ ၉၈ ပေ × ၅၂ ပေ RC လေးခန်းတွဲ နှစ်ထပ်အရာထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်း၊ မီတာ ၄၀၀ ဘောလုံးကွင်း Inner Fencing ကာရံခြင်းနှင့် မြက်ခင်းပြင်လုပ်ငန်းပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကုမ္ပဏီ တာဝန်ရှိသူများအား မိုးတွင်းကာလတွင် ရေတင်ကျန်မှုမရှိရေးနှင့် လုံခြုံရေး စီမံချက်များ ဆောင်ရွက်ရေး မှာကြားကာ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)