အိမ်မဲ မေ ၇
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ငါးဖျင်းသလက်ကျေးရွာတွင် The Nippon Foundation မှ ဆောက်လုပ်လှူဒါန်းသော ပေ ၇၀ ၊ ပေ ၃၀ RC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို မေ ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မောင်မောင်ငြိမ်း၊ ခရိုင်ပညာရေးမှူး ဦးစသိန်းကျော်၊ The Nippon Foundation(Artic) မန်နေဂျင်းဒါရိုက်တာ ဦးစေတနာတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပရာ ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား ပညာရေးဌာနသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)