နေပြည်တော် မေ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားခရိုင်၊ ဓမ္မဝိဟာရကျောင်းတိုက်ရှိ သံဃာတော်များနှင့် သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာ များအပြင် သံဃာတော်များနှင့်သာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် Covid-19 ကပ်ရောဂါ ကြောင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲ မရှိစေရေး အတွက် စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတကျောင်းများသို့ လည်းကောင်း စားနပ် ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် ဒေသအသီးသီးရှိ Covid-19 စင်တာများသို့ လည်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေး လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)