ထားဝယ် မေ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ မူလတန်းကြိုကျောင်း၌ ကျင်းပသော ထားဝယ်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော Quick Win Project စီမံကိန်းများ ဆောင်ရွက်နေမှုနှင့် ဦးစီးဌာနများမှ အရာထမ်း/အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၏ အရေးပါမှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထားဝယ်မြို့ မူလတန်းကြိုကျောင်းအတွင်း ကလေးငယ်များ တက်ရောက်သင်ယူနေမှုကို သွားရောက်အားပေးကြည့်ရှုခဲ့ပြီး ကလေးငယ်များအတွက် ကစားစရာအရုပ်များ၊ မုန့်များနှင့် လက်သန့်စင် ဆပ်ပြာများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုဦးဆောင်သော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများဖြစ်သည့် ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများဘဝ မြှင့်တင်ရေး လုပ်ငန်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအပါအဝင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး/ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများစသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အရှိန်အဟုန်မပျက် ထိရောက်မြန်ဆန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရမည့်အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ထားဝယ်မြို့ ဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေများ၊ စောင်များ၊ လက်သန့် စင်ဆပ်ပြာများနှင့် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်သည်။
(သတင်းစဉ်)