ပဲခူး မေ ၇
ပဲခူးတိုင်းဒေသကြီးအတွင်း ဧပြီလမှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၀ ဒသမ ၁) ရာခိုင်နှုန်း သာရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံနိုင်မှု (၉၃)ရာခိုင်နှုန်း ကျော် လွှမ်းခြုံထားနိုင်ပြီး ဦးတည်အုပ်စုအလိုက်ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေ ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ Online Zoom Meeting System ဖြင့် ကျင်းပသည့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၂)တွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က ဆေးထိုးနှံရန် ကျန်ရှိသူများအနက် တိုင်းကျော်/နယ်ကျော် သွားရောက်သူများကို ရောက်ရှိနေသည့် မြို့နယ်များနှင့်ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်မှသာ တိုင်းဒေသကြီး အတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူဦးရေ လျော့ကျသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေနှင့် ဦးတည်အုပ်စုအလိုက် (၁၀၀)ရာခိုင်နှုန်းအပြည့် ထိုးနှံနိုင်ရေး ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တိုင်းကျော်/နယ်ကျော် သွားရောက်သူ များ၏ စာရင်းဇယား အချက်အလက်များအား ရောက်ရှိနေသည့် မြို့နယ်များနှင့် ချိတ်ဆက်၍ ကာကွယ်ဆေးထိုးနှံနိုင်ရေးဆောင်ရွက်သွားရမည့် အခြေအနေများကိုလည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချို က မြေပြင်ကွင်းဆင်း ကာကွယ်ဆေးထိုးနှံ ရာတွင် တပ်မတော်ဆေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည့် အခြေအနေ များကိုလည်းကောင်း အကြံပြုဆွေးနွေးကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)