နေပြည်တော်  မေ ၇

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ်(၂/၂၀၂၂)ပါ ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်း(၁၄)ခုရှိ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၁၁၁၆)နေရာ ရွေးချယ်ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့များရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နှင့် မေ ၈ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ ဦးသန်းဆွေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၃)နှင့် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းများရှိ နေပြည်တော် စာစစ်ဌာန များသို့လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်နှင့်အတူ မန္တလေးမြို့၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းရှိ မန္တလေး စာစစ်ဌာနသို့လည်းကောင်း၊  ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်သည် ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ရန်ကုန်စာစစ် ဌာနသို့လည်းကောင်း  အဆိုပါ ရာထူးဝင်ခွင့် ရေးဖြေစာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသူ စုစုပေါင်း(၁၂၀၇) ဦးရှိကြောင်း သိရသည်။

(သတင်းစဉ်)