နေပြည်တော် မေ ၇

 

မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကို မေ ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရန်အတွက် ရွှေဘိုတက္ကသိုလ်ဝင်းအတွင်း ကျင်းပသည်။

 

ရှေးဦးစွာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွေး က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကို ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရွှေဘိုတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများ စုစုပေါင်း (၃၄၂)ဦးတို့က ယူကလစ်ပင် (၆၀၀)၊ ပိတောက်ပင် (၃၅၀)၊ကုက္ကိုပင် (၃၅၀)၊ သင်္ဘော ကုက္ကိုပင် (၃၅၀)နှင့် မဲဇလီပင် (၃၅၀) စုစုပေါင်း အပင် (၂၀၀၀) စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မန္တလေး-မြို့သာ စက်မှုဥယျာဉ် မြို့တော် တည်ဆောက်ရေး စီမံကိန်း ဧရိယာအတွင်း၌ မေ ၄ ရက် နံနက်ပိုင်းတွင် မိုးရာသီအကြို ရေလောင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။

 

သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်က မိုးရာသီအကြိုရေလောင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသော်နိုင်ဦးနှင့် အဖွဲ့၊ သစ်တောဦးစီးဌာန မြင်းခြံခရိုင် လက်ထောက် ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဥယျာဉ် မြို့တော်အတွင်း စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၈၀)ခန့်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မြို့သာစက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်း ဧရိယာအတွင်းရှိ Gold AYA မော်တော်ကားစက်ရုံအနီး ဆီမီးခုံဆိပ်ကမ်းနှင့် တံတားဦးလေဆိပ်သွား ကားလမ်းမဘေးဝဲ၊ ယာတွင် သက်တမ်းရင့် အမြင့်(၅)ပေအထက် ခရေပင် (၇၅၀)၊ စိန်ပန်းပင် (၆၅၀)နှင့် ပိတောက်ပင် (၁၀၀) စုစုပေါင်း အပင် (၁၅၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)