ဘိုကလေး မေ ၇
ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးကြီးများကို မျိုးသန့်ပြန့်ပွားရေးအတွက် မျိုးသန့်မျိုးစေ့ ပေးအပ်ပွဲကို ယမန်နေ့နံနက် (၈)နာရီက ရွှေခေတ်အားမာန် မျိုးစေ့ထုတ်ရုံတွင်ကျင်းပရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်တိုးမြှင့်အဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
မျိုးသန့်မျိုးပွားမျိုးစေ့ (RS) မျိုးများကို ကျေးရွာအုပ်စု (၂၀)မှ တောင်သူ(၈၃)ဦးကို ပေးအပ်ခဲ့သည်။ ပေါ်ဆန်းရင် မျိုးသန့်မျိုးစေ့ (RS)ကို စီးပွားဖြစ် မျိုးစေ့(CS)ကို ထုတ်လုပ်ကာ ဒေသခံတောင်သူများသို့ ဖြန့်ဖြူးပေးခြင်းဖြင့် တောင်သူများ မျိုးသန့်စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ပြီး အခြားဒေသစပါးမျိုးများထက် အထွက်ကောင်းပြီး ဆန်ကြိတ်ခွဲရာ တွင်လည်း ဈေးကောင်းရသည့်အတွက် တောင်သူများ ဝင်ငွေတိုးပွားနိုင်ကြောင်း သိရသည်။
အလားတူ စားသုံးဆီဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ဆောင်းရာသီတွင် ဘိုကလေးမြို့နယ်အတွင်း ဆီထွက် နေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကသပေါင်းကျေးရွာဓမ္မာရုံ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေါင့်ကြီးကျေးရွာအုပ်စုနှင့် ငါးပြေမ ကျေးရွာအုပ်စုများမှ နေကြာစိုက်ပျိုးမည့် တောင်သူများ တက်ရောက်ကြသည်။
စားသုံးဆီဖူလုံရေးနှင့် နေကြာစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဝင်းစိုးဦးတို့က နေကြာစိုက်ပျိုးရေး နည်းစနစ်များ ဆွေးနွေးခဲ့သည်။ ဘိုကလေးမြို့နယ်အတွင်း နေကြာစိုက်ပျိုးရန် ဧက (၃၀၀)ကို ကျေးရွာအုပ်စု (၉)အုပ်စုမှ တောင်သူ(၁၅၃)ဦးတို့က စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)