ရန်ကုန် မေ ၇

မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ ဖွင့်လှစ်သည့် ၂၀၂၂ခုနှစ်၊နွေရာသီအခြေခံဂျူဒိုအားကစား သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ဝင်းအတွင်းရှိ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ရုံး၌ ကျင်းပသည်။  

 

သင်တန်းဆင်းပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က ယခုကဲ့သို့ နွေရာသီတွင် အချိန်ကိုအကျိုးရှိရှိ အသုံးချရင်း  မိမိဝါသနာပါသည့်  အားကစားကို ကျွမ်းကျင်အောင် ပြုလုပ်၍  အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားစေလိုကြောင်း၊ မိမိဝါသနာပါသော အားကစားနည်းကို လေ့လာလိုက်စားရာမှ နိုင်ငံကိုယ်စားပြုအဆင့်သို့ ရောက်ရှိပြီဆိုလျင် ဂုဏ်ယူ ဝမ်းမြောက်ဖွယ် ကိစ္စရပ်ဖြစ်သည့်အတွက် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည်အထိ ကြိုးစားသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း က သင်တန်းသား သင်တန်းသူများ ကျွမ်းကျင်မှု အဆင့်အလိုက် ခါးစည်းအဆင့်များပေးအပ်သည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အား/ကာဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် က သင်တန်းဆရာများနှင့် သင်တန်းသား/ သင်တန်းသူများကို ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်သည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဂျူဒိုဆပ်ကော်မတီဥက္ကဌ ဦးမင်းဇော်ထွန်း က နွေရာသီသင်တန်း ဝတ်စုံများပေးအပ်ပြီး မြန်မာနိုင်ငံဂျုဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းက ထူးချွန်ဆုရ သင်တန်းသား မောင်ခိုင်ခန့် နှင့် မသီရီနိုင်တို့ကို  ဂုဏ်ပြုဆုငွေချီးမြှင့်၍ နွေရာသီသင်တန်းသား သင်တန်းသူများ စုပေါင်း၍ အခြေခံ နည်းစနစ်များ သရုပ်ပြသသည်။

 

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားရေကူးကန်ရှိ  မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်သို့ ရောက်ရှိ၍  အားကစားခန်းမအတွင်း အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အမျိုးသား ရေကူးကန်၌ အုတ်တံတိုင်းကာရံမှု၊ ရေကူးကန်သန့်ရှင်းသာယာရေးနှင့် အများပြည်သူ ရေလာကူး သည့်အချိန်တွင် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ရှိစေရေးတို့အတွက်  အလေးထားဆောင်ရွက်ပေးရန် တာဝန်ရှိသူ များကို မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်  လမ်းမတော်မြို့နယ် ကျုံကြီးလမ်း ကြက်တောင်ရုံသို့ ရောက်ရှိပြီး  ကြက်တောင်ရုံအတွင်း အားကစားသမားများ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွန့်မြိုနယ်၊ သိမ်ဖြူတင်းနစ်ကွင်းရှိ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် သို့ရောက်ရှိလာပြီး အားကစားကွင်း၊ ပွဲကြည့်စင်၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းလွင်၊ အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

 

ထို့နောက် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရန်ကုန်မြင်းစီးအသင်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်နှင့် ရန်ကုန်မြင်းစီးအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကာ လေ့ကျင့်ရေးကွင်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံကွင်းသို့ ရောက်ရှိပြီး စားရိပ်သာ၊ မီးဖိုဆောင်၊ တန်းစီကွင်းနှင့် အမျိုးသား/အမျိုးသမီး(၄)ထပ် အိပ်ဆောင်သစ် ဆောက်လုပ်မည့် မြေနေရာများကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)