ပွင့်ဖြူ မေ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက ငါးသောင်းကျော် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသခံတောင်သူများက အစိုးရဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်နှင့် မြေအောက်ရေတို့ကို အကျိုးရှိစွာ အသုံးချပြီး နွေ၊ မိုး၊ ဆောင်း ရာသီမပြတ် မြေပဲ၊ နှမ်း၊ နေကြာသီးနှံတို့ကို အားထားစိုက်ပျိုးကြကြောင်း သိရသည်။ ထိုသို့ သီးနှံများ စိုက်ပျိုးရာ၌ ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် အခြေခံစိုက်ပျိုးရေးနည်းစနစ်များနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နွေနှမ်းစိုက်ပျိုးခြင်းကို အစိုးရဆည်ရေစနစ်ဖြင့် ၄၄၁၃၁ ဧက၊ လျှပ်စစ်ရေတင်စနစ်ဖြင့် ၈၀၈ ဧက၊ ရေစုပ်စက်ဖြင့် ၆၅၅၆ ဧက၊ မြေအောက်ရေဖြင့် ၂၅၀၂ ဧက စုစုပေါင်း နွေနှမ်းဧက ၅၃၉၉၇ ဧက စိုက်ပျိုးထားရှိကြောင်းနှင့် စိုက်ပျိုးသည့်နှမ်းမျိုးမှာ စမုံနက်၊ သိပ္ပံနှမ်းနက်၊ ဆင်းရတနာ-၄ နှမ်းမျိုးများဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)