ထားဝယ်မြို့ မေ ၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့ ဃောသိတာရမ ပါဋိတက္ကသိုလ် ကျောင်းတိုက် ပဓာနဆရာတော် နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ဓပညာသာမိအား ဖူးမျှော်ကြည်ညိုကာ ဩဝါဒများခံယူကြပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ  အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အကျိုးခံစားခွင့် ရှိသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအလိုက် Quick Win Project များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ 

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း လူမှုကာကွယ် စောင့်ရှောက်ရေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသက် (၈၅) နှင့်အထက် ဘိုးဘွား (၆,၈၈၇) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၂,၀၆၆ ဒသမ ၁) သိန်းကိုလည်းကောင်း၊ တည်ထောင်ခွင့်ပြုမိန့်ရ ဂေဟာ/ရိပ်သာများအတွက် ထောက်ပံ့ငွေကျပ် (၂၂၉ ဒသမ ၀၈) သိန်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဆောင်သော တာဝန်ရှိသူများက လက်ခံကြသည်။ 

ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ‌စေတနာ့ဝန်ထမ်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က Volunteer အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံ ပေးအပ်ပြီး တက်ရောက်လာကြသူများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး (သိုလှောင်ရုံ)သို့ ရောက်ရှိကြပြီး ကယ်ဆယ်ရေးပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေးသုံး ပစ္စည်းများ၊ အလှူပစ္စည်း များကို သိုလှောင်ရုံထိန်းသိမ်းနည်း လက်စွဲအတိုင်း သိုလှောင်ထိန်းသိမ်းထားရှိမှု၊ သိုလှောင်ရုံမှတ်တမ်း ထိန်းသိမ်းထားရှိမှုတို့ကို  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်