ကောင်းသောစိတ်နှလုံးနှင့်ယှဉ်ပါက မကောင်းသောစိတ်နှလုံးတို့သည် ရှုံးနိမ့်စမြဲ ဖြစ်သည်။ တစ်နည်းဆိုလျှင် စိတ်ထားကောင်း၊ စိတ်ကောင်းထားလျှင် မည်သို့ပင် အခက်အခဲရှိသော်လည်း တစ်နေ့တွင် ကောင်းသော အကျိုးရလဒ်များကို ရရှိနိုင်ပေသည်။ ထို့ကြောင့် မည်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ ကောင်းသောစိတ်ထားဖြင့်  မိမိအလုပ်ကိုမိမိ အကောင်းဆုံးဖြစ်အောင်သာ ကြိုးပမ်းလုပ်ကိုင်သွားပါလျှင်  အကျိုးပေးအချိန်တန် အမှန်ရရှိနိုင်မည် ဖြစ်ပါသည်။

 

မြန်မာ့သမိုင်းတွင် ၂၀၂၁ ခုနှစ်သည် ခက်ခဲကြမ်းတမ်းဆုံး ခရီးလမ်းကို ဖြတ်သန်းခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ နိုင်ငံရေးအရ အခက်အခဲများနှင့် ကျန်းမာရေးအရ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့်  ပြည်သူများ  ရောဂါဖိစီးနှိပ်စက်ခြင်းတို့ကို ခံခဲ့ရပါသည်။ တစ်ချိန်တည်းတွင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအခက်အခဲများ နှင့်ပါ အကျပ်အတည်း သုံးမျိုး ကြုံခဲ့ရပါသည်။ လောကတွင် ဒုက္ခဆင်းရဲရောက်စေနိုင်သော ကပ်သုံးပါး ရှိသည့်အနက် သတ္ထန္တရကပ်၊ ရောဂန္တရကပ်တို့နှင့် ကြုံတွေ့ရသည့် သဘောမျိုးဆိုနိုင်ပါသည်။ ထိုသို့ အခက်အခဲများရှိခဲ့သော်လည်း ပြည်သူများ စားရေရိက္ခာမရှားပါးဘဲ အလုပ်အကိုင်များ အဆင်ပြေခဲ့ပါသည်။

 

အကြောင်းမှာ မြန်မာနိုင်ငံတွင် အခက်အခဲအကျပ်အတည်းသုံးမျိုး ကြုံခဲ့သော်လည်း မိမိတို့နိုင်ငံကို ကောင်းမွန်ရမည်ဟူသည့် စိတ်ထားကောင်းမွေးမြူ၍ ပြည်သူလူထုနှင့် အစိုးရ အဖွဲ့အစည်းအဆင့်ဆင့်တို့က တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဖြေရှင်းဆောင်ရွက်ခဲ့သောကြောင့် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ပြီး အကောင်းဆုံးအခြေအနေသို့   ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု   ဆိုရမည်ဖြစ်သည်။ မြန်မာတို့သည် ပင်ကိုစိတ်ထားအားဖြင့် အကြောင်းကိစ္စတစ်ခုရှိလာလျှင် တစ်ဦး နှင့်တစ်ဦး ရိုင်းပင်းကူညီလိုစိတ်ရှိကြပြီး လိုအပ်သောကိစ္စအဝဝကို အတတ်နိုင်ဆုံး   ကူညီဆောင်ရွက်ပေးကြသည်။

 

ထိုသို့ ကောင်းမြတ်သော စိတ်ထားများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သောကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးကာလတွင် ကြုံတွေ့ရသော အခက်အခဲများကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့သည်။ အလားတူ နိုင်ငံရေးအကျပ်အတည်း၊ လုံခြုံရေးအကျပ်အတည်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အကျပ်အတည်းများကြား တွင် လူမှုစီးပွားအခက်အခဲများကို အဆင်ပြေအောင် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ အထူးသဖြင့် စားရေရိက္ခာဖူလုံစေရေးအတွက်  စိုက်ပျိုး မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ အောင်မြင်အောင် ပြည်သူများနှင့် တာဝန်ရှိသူများ လက်တွဲ၍ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။

 

ရှေ့ဆက်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေမည့် အခြေအနေကောင်းများလည်း ရှိနေပြီဖြစ်၍  ဆက်လက်ပြီး  ထို့ထက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ များစွာရှိသော်လည်း အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိသေးပေ။ နိုင်ငံအတွင်း အသားတင်စိုက်ဧက ၃၃ သန်းကျော် ရှိသော်လည်း သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ခြင်းနည်းပါးပြီး တစ်ရာသီသာ စိုက်ပျိုး နေသည့်ဧကများသာ ပိုမိုများပြားသည်။ မြေသယံဇာတများတွင် သီးထပ်သီးနှံများ  စိုက်ပျိုးနိုင်မည်ဆိုပါက ထုတ်ကုန်နှစ်ဆ တိုးတက်လာမည်ဖြစ်သည်။ တစ်ရာသီသာ စိုက်ပျိုးသည့်မြေနေရာတွင် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်း ဆီလိုအပ်မှုကို များစွာအထောက်အကူပြုပြီး ပြည်ပမှ ဆီတင်သွင်းမှုကို လျှော့ချနိုင်မည် ဖြစ်သည်။

 

လက်ရှိတွင်ရှိသည့်အခြေအနေ၊ ရသည့်အခွင့်အလမ်းများဖြင့် အခက်အခဲ အကျပ်အတည်းများကြားမှ ကြိုးစားရုန်းကန် လုပ်ကိုင်ခဲ့သောကြောင့် အခြေအနေ ကောင်းတစ်ခုသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ခေတ်အဆက်ဆက်တွင် ပြည်တွင်း ထုတ်ကုန်များထက် ပြည်ပသွင်းကုန်များကို ဦးစားပေးခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ နှစ်စဉ်ပြခဲ့သည်။ ယခုအခါ အချိန်တိုကာလအတွင်း မဖြစ်မနေ ကြိုးပမ်းဆောင်ရွက် ခဲ့သောကြောင့် ကုန်သွယ်မှုပိုငွေပြနေသည်မှာ ကိုးလရှိပြီဟုသိရသည်။ ယင်းသည် နိုင်ငံတော်၏စီးပွားရေးဘက်၌  အလားအလာကောင်းများ  ပေါ်ထွန်းနေခြင်း ဖြစ်သည်။ ရှေ့ဆက်၍ ပြည်တွင်းထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ မှန်မှန်ကန်ကန်ရရှိစေရေးနှင့် နိုင်ငံပိုင်လုပ်ငန်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင်   ကြိုးပမ်းဆောင်ရွက်နိုင်လျှင်   အားလုံးမျှော်လင့်ထားသည့် ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်ကာလက နိုင်ငံရေးအရ အခက်အခဲ၊ ကျန်းမာရေးအရ အခက်အခဲ၊ လက်နက်ကိုင်ပဋိပက္ခအခက်အခဲဟူသည့် အခက်အခဲ သုံးမျိုး ကြုံတွေ့ခဲ့ရပါသည်။ ထိုသို့ အခက်အခဲ အကျပ်အတည်းများနှင့်ကြုံတွေ့  ခဲ့သော်လည်း ပြည်သူလူထု၊  အစိုးရနှင့်အဖွဲ့အစည်းများအားလုံးက  မိမိနိုင်ငံ တိုးတက်ရမည်၊ ကောင်းမွန်လာရမည်ဟူသည့်  ကောင်းသောစိတ်ထားများဖြင့်  တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြသဖြင့် ကောင်းသောအကျိုးရလဒ်များကို ဆောင်ကြဉ်းနိုင်ပြီဖြစ်ရာ ရှေ့ဆက်၍ ပိုမိုကောင်းမွန် လာစေရန်အတွက် ကောင်းသောအခြေအနေများကို ဆက်လက်မြှင့်တင်ပေးနိုင်ပါရန် တိုက်တွန်းအပ်ပါကြောင်း။   

 

ကြေးမုံ