ဒေါက်တာမော်မော်သန်း (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)
ကျွန်ုပ်တို့လုပ်ကိုင်ဆောင်ရွက်နေရသော စိုက်ပျိုးရေးလုပ်ငန်းတွင် အဏုဇီဝသက်ရှိများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါပေသည်။ အဏုဇီဝသက်ရှိမျိုးစိတ်များ၏ ပေါင်းစပ်ဖွဲ့စည်းထားသော လုပ်ဆောင်မှုများသည် သက်ရှိပတ်ဝန်းကျင် အဖွဲ့အစည်းပင် ဖြစ်ပေသည်။ အဏုဇီဝသက်ရှိများမှာ မှို၊ ဗက်တီးရီးယား၊ အက်တီနိုမိုင်စီ၊ တဆေး၊ ပရိုတိုဇိုးဝါး၊ ရေညှိ၊ မှော်ပင်နှင့် နီမတုတ် စသဖြင့် အုပ်စုကွဲများစွာတို့ ဖြစ်သည်။ အချို့သော အဏုဇီဝသက်ရှိများသည် အပင်များကို ရောဂါဖြစ်စေပြီး အချို့သည် အပင်များအတွက် အကျိုးပြုစေသည်။ အကျိုးပြုအဏုဇီဝသက်ရှိများ၏ အုပ်စုကွဲတစ်ခုစီတွင် မြေကြီး၏ အာဟာရ ဓာတ်ထိန်းသိမ်းရေး၊ အပင်တို့၏ ကျန်းမာသန်စွမ်းရေးတို့အတွက် အကျိုးပြုပေးနိုင်သည့် အရည်အချင်းများနှင့် အပင်ရောဂါဖြစ်စေသော သက်ရှိများကို ကာကွယ်ထိန်းချုပ်နိုင်သည့် အရည်အချင်းများ၊ လုပ်ငန်းဆောင်တာများ သီးသန့်ပိုင်ဆိုင်ကြသည်။ စိုက်ပျိုးရေးအခန်းကဏ္ဍနှင့်သက်ဆိုင်သည့် အကျိုးပြုအဏုဇီဝ သက်ရှိတချို့၏ အပင်များနှင့်ဆက်စပ်ပုံ အကျိုးပြုပုံများကို လေ့လာသိရှိရသလောက် စုစည်းဖော်ပြ အပ်ပါသည်။
မိုင်ကိုရိုင်ဇာ (Mycorrhiza)
မိုင်ကိုရိုင်ဇာသည် အပင်၏ အမြစ် နှင့်မြေကြီးကို ဆက်စပ်ပေးသော သက်ရှိအကျိုးပြုမှိုတစ်မျိုး ဖြစ်သည်။ သဘာဝမြေကြီးများထဲတွင် မိုင်ကိုရိုင်ဇာမှို ပုံစံနှစ်မျိုး တွေ့ရှိရသည်။ သစ်တောပင်များ (ဥပမာ - ထင်းရှူးပင်) ရှိသည့် မြေကြီးတွင် တွေ့ရှိရသော မိုင်ကိုရိုင်ဇာ မှိုမှာ အက်တိုမိုင်ကိုရိုင်ဇာ (Ecto Myco- rrhiza, ECM) မှိုများဖြစ်ပြီး စိုက်ပျိုး သီးနှံပင်များ စိုက်ပျိုးဖြစ်ထွန်းသည့် နေရာများတွင် တွေ့ရှိရသော မိုင်ကိုရိုင် ဇာမှိုမှာ အင်ဒိုမိုင်ကိုရိုင်ဇာ (Endo Mycorrhiza, Arbuscular Mycorrhiza Fungi, AMF) မှိုများဖြစ်သည်။ မိုင်ကိုရိုင် ဇာမှိုသည် အပင်၏ အမြစ်ထဲတွင် ရှင်သန်ကြီးထွားနိုင်ပြီး အပင်အတွက် လိုအပ်သော ဖော့စဖောရပ် (P)ဓာတ်ကို အပင်များစားသုံးနိုင်သည့် ပုံစံဖြစ်အောင် စုပ်ယူပေးနိုင်သည်။ ၎င်း၏ မှိုမျှင်များ သည် မြေမျက်နှာပြင်အောက် သုံးမီတာခန့်အထိ ဆင်းသက်ကြီးထွားနိုင်သော ကြောင့် မြေအောက်ရေကို အပင်ရှိရာသို့ မှိုမျှင်မှတစ်ဆင့် ပို့ပေးနိုင်သဖြင့် သီးနှံပင်များ ရေငတ်ဒဏ်ခံနိုင်မှုကိုလည်း အထောက်အကူပြုပေးသည်။ ထို့ပြင် မြေဆောင်ရောဂါဖြစ်စေသော Rhizoc- tonia solani ၏ မှိုမျှင်များ ကြီးထွားမှု ကို ထိန်းချုပ်ဟန့်တားနိုင်သောကြောင့် ခါးရိရောဂါနှင့် အမြစ်ပုပ်ရောဂါများကိုလည်း သက်သာစေနိုင်ကြောင်း သိရှိရသည်။
ထရိုင်ခိုဒါးမား (Trichoderma)
ထရိုင်ခိုဒါးမားသည် သီးနှံပင်ရောဂါ ဖြစ်စေသော သက်ရှိများကို ကပ်ပါးအဖြစ် ကာကွယ်နှိမ်နင်းပေးနိုင်သော အဏုဇီဝ သက်ရှိမှိုတစ်မျိုးဖြစ်သည်။ သီးနှံမြေဆောင်ရောဂါများကို ကာကွယ်နှိမ်နင်းပေးနိုင်သည့်အပြင်အပင်အကြွင်း အကျန်များကို မြေဆွေးပြုလုပ်ရာတွင် လျင်မြန်စွာ ဆွေးမြည့်စေနိုင်သည့် အထောက်အကူပြု ပစ္စည်းအဖြစ် လည်းကောင်း၊ သီးနှံများရိတ်သိမ်းပြီး ရိုးပြတ်များကို လျင်မြန်စွာဆွေးမြည့်စေ ရန်လည်းကောင်း၊ အပင်ကြီးထွားမှုကို အားပေးသော ပဋိဇီဝပစ္စည်း (Anti- biotics) အဖြစ်လည်းကောင်း အကျိုး ပြုနိုင်သည့် အဏုဇီဝသက်ရှိလည်းဖြစ် သည်။ Trichoderma မှို၏ မှိုမျှင်များ သည် ရောဂါဖြစ်စေသော သက်ရှိမှိုမျှင် များကို ရစ်ပတ်ပြီး တိုက်ခိုက်ပေးခြင်း ဖြင့် ဖျက်ဆီးပေးနိုင်ပေသည်။ ကာကွယ် နှိမ်နင်းပေးနိုင်သော ရောဂါများမှာ သီးနှံ မြေဆောင်မှိုရောဂါ (Soil-borne fungus diseases) များဖြစ်သည့် Sclerotium spp ကြောင့်ဖြစ်သော ခါးရိရောဂါများ၊ Rhizoctonia spp ကြောင့်ဖြစ်သော မြစ်ခြောက်ဆွေးရောဂါများ၊ Pythium spp ကြောင့်ဖြစ်သော ပင်ညှိုးရောဂါများ နှင့် Aspergillus spp ကြောင့်ဖြစ်သော ပင်ရင်းပုပ်ရောဂါများ စသည်ဖြင့်ဖြစ်သည်။

အဇိုလာ (Azolla)/ရေကျောက်ခက်
အဇိုလာသည် သဘာဝမြေဩဇာထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ရေမှော် (Aquatic fern) တစ်မျိုးဖြစ်သည်။ ဂရိ ဘာသာအရ Agro ဆိုသည်မှာ ခြောက် သွေ့ခြင်းဟု အဓိပ္ပာယ်ရပြီး Ollyo ဆိုသည်မှာ သေကျေပျက်စီးခြင်းဟု အဓိပ္ပာယ်ရသော စာလုံးနှစ်လုံးအား ပေါင်းစပ်ပြီး Azolla ဟု အမည်ရသည်။ ရေခြောက်လျှင် သို့မဟုတ် အပူချိန်များ လျှင် သေကျေပျက်စီးတတ်သည့် ရေမှော်ပင်တစ်မျိုးဖြစ်သည်။ ရေကျောက်ခက်သည် သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြု နိုင်သော ရေမှော်ပင်များဖြစ်ပြီး စပါးခင်း တွင် စပါးနှင့်တစ်ပြိုင်တည်း စိုက်ပျိုး ပွားများနိုင်ကာ ယင်းအပင်ငယ်များ အတွင်း၌ သဘာဝအလျောက်ရှိနေသော Anabaena azollae ခေါ် စိမ်းပြာရေညှိများ သည် လေထဲမှ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပြီး သဟဇီဝနပြုလုပ်၍နေကြသည်။ ရေကျောက်ခက်ပွားများရန်နှင့် နိုက်ထရိုဂျင် ဖမ်းချုပ်ရန် အဓိကလိုအပ်သော အာဟာရဓာတ်မှာ ဖော့စဖိတ်ဓာတ် ဖြစ်ပြီး ၎င်းပွားများရာနေရာတွင် ဖော့စဖိတ်ချို့တဲ့ပါက အစိမ်းရောင်မှ အနီရောင်သို့ ပြောင်းသွားတတ်သည်။
ဘော့ဗျူရီးယား(Beavueria bassiana)
ဤအဏုဇီဝ သက်ရှိမှိုတစ်မျိုးသည် တောင်သူဦးကြီးများ၏ စိုက်ခင်းများတွင် ကျရောက်တတ်သော ပိုးမွှားမျိုးစိတ် တော်တော်များများကို ကာကွယ်ထိန်းချုပ် နိုင်သော Entomopathogenic fungi တစ်မျိုးဖြစ်သည်။ Beavueria bassiana မှို၏ မှိုစပိုး (Conidia)သည် အင်းဆက်၏ ခန္ဓာကိုယ်ပေါ်သို့ ကပ်ပါစေပြီး ၎င်းမှိုစပိုး မှ မျိုးညှောက်ထွက်လာကာ အင်းဆက်ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး မှိုမျှင်များက အင်းဆက်၏ ခန္ဓာကိုယ်ထဲမှ အစာအာဟာရများကို စုပ်ယူစားသုံးနိုင်သဖြင့် နောက်ဆုံးတွင် အင်းဆက်များ သေဆုံးသွားခြင်းဖြစ်သည်။ ယခုအခါ နိုင်ငံခြားတိုင်းပြည်တချို့တွင် Beavueria bassiana မှိုကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချပြီး စိုက်ခင်းများတွင် အင်းဆက်များ ကာကွယ်နိုင်သည့် Biopesticide အဖြစ် အသုံးပြုနေကြကြောင်း သိရသည်။
ဗက်တီးရီးယားများ (Bacteria)
အကျိုးပြု အဏုဇီဝသက်ရှိ ဗက်တီး ရီးယားများသည် အပင်နှင့်အမြစ်များ ကြီးထွားမှုကို အားပေးခြင်းဖြင့်လည်းကောင်း၊ ပင်ကြွင်းပင်ကျန်များ ဆွေးမြည့်စေခြင်းဖြင့်လည်းကောင်း၊ လေထဲမှ နိုက်ထရိုဂျင် ဖမ်းယူပေးခြင်းဖြင့် လည်းကောင်း အခန်းကဏ္ဍအသီးသီးမှ ဆက်စပ်အကျိုးပြု ရှင်သန်လျက်ရှိကြသည်။
Blue green algae ကဲ့သို့ Cyano- bacteria အဏုဇီဝသက်ရှိများသည် လယ်သီးနှံများတွင် စိုက်ပျိုးရေကို အာဟာရပွားများစေခြင်းဖြင့် အကျိုးပြုသည်။
Azotobacter Bacteria များက စိုက်ပျိုးမြေကြီး၏ အာဟာရဓာတ်ကို တိုးပွားတည်တံ့စေခြင်း၊ နိုက်ထရိုဂျင်ကို ဖမ်းယူပေးခြင်း၊ အပင်ကြီးထွားမှုကို ဖြစ်စေခြင်း (Crop Growth Rate, CGR) ဖြင့် အကျိုးပြုသည်။
Plant Growth Promoting Rhizo-bacteria (PGPR) များက သီးနှံ ပင်ကြီးထွားမှုကို အားပေးခြင်းဖြင့် လည်းကောင်း၊ Phosphorus Solu- bilizing Bacteria (PSB) များက Inorganic Phosphorus ပုံစံမှ စိုက်ပျိုး ပင်များစားသုံးနိုင်သည့် Soluble P ပုံစံသို့ ပြောင်းလဲပေးခြင်းဖြင့်လည်းကောင်း အကျိုးပြုဗက်တီးရီးယား သက်ရှိများ၏ အခန်းကဏ္ဍကို အသုံးချလျက် ဇီဝ မြေဩဇာအဖြစ် ဖန်တီးထုတ်လုပ် သုံးစွဲနေကြသည်များလည်း ရှိပါသည်။
ပဲမြစ်ဖုဇီဝမြေဩဇာ
ပဲမြစ်ဖုဇီဝမြေဩဇာတွင် ရိုင်ဇို ဘီယမ် (Rhizobium) ခေါ်သည့် အမြစ်နေ အကျိုးပြုသက်ရှိ ဗက်တီးရီးယားများနှင့် ခဲမြေပွားစာတို့ ပါဝင်ပါသည်။ ၎င်းဗက်တီးရီးယားများသည် ပဲပင်များ စိုက်ပျိုးသောအခါ ပဲပင်၏အမြစ်ထဲတွင် ဝင်ရောက်နေထိုင်နိုင်ကာ မြစ်ဖု ဖြစ်ပေါ်စေပြီး လေထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူဓာတ်လျော့စေနိုင်ခြင်းအားဖြင့် ပဲပင်များစားသုံးနိုင်သည့် အေမိုင်နို အက်စစ်ပုံစံအဖြစ် ပြောင်းလဲပေးနိုင်သည့် အစွမ်းသတ္တိရှိသည်။ ပဲပင်များက ရိုင်ဇိုဘီယမ်ဗက်တီးရီးယား နေထိုင်နိုင်ရန် အမြစ်ထဲတွင် မြစ်ဖုအဖြစ် နေစရာပေးပြီး ဗက်တီးရီးယားရှင်သန်နိုင်ဖို့ အစားအစာများ ထောက်ပံ့ပေးသည်။ ရိုင်ဇိုဘီယမ် ဗက်တီးရီးယားက ပဲပင်အသုံးပြုနိုင်သော နိုက်ထရိုဂျင်ကို ထောက်ပံ့ပေးပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်သည်။ ရိုင်ဇိုဘီယမ် ဗက်တီးရီး ယားမျိုးကွဲများသည် ပဲအမျိုးအစား အလိုက် တစ်ဧကလျှင် တစ်နှစ်တွင် နိုက်ထရိုဂျင် ၅၇ ပေါင်မှ ၄၉၂ ပေါင်ထိ ဖမ်းယူပေးနိုင်ကြောင်း ပညာရှင်များက ဖော်ပြထားသည်။
ပဲပင်ကို စစိုက်ပြီး ၁၄ ရက်သားတွင် နိုက်ထရိုဂျင်ဖမ်းယူပေးနိုင်မှု စတင်ပြီး ပဲမျိုးအလိုက် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် မြစ်ဖုဖြစ်ပေါ်မှုအများဆုံးဖြစ်ကာ နိုက်ထ ရိုဂျင် ဖမ်းယူပေးနိုင်မှု အများဆုံးအချိန်လည်း ဖြစ်သည်။

ပဲမြစ်ဖုဇီဝမြေဩဇာသုံးစွဲခြင်း၏ အကျိုးကျေးဇူးများမှာ-
သုံးစွဲရလွယ်ကူပြီး ဈေးနှုန်း သက်သာခြင်း၊
မြေမှ နိုက်ထရိုဂျင်ဓာတ် လျော့ပါးမှုကို ကာကွယ်ပေးခြင်း၊
ပဲအပြီး သီးထပ်စိုက်ပျိုးသော ဒုတိယသီးနှံအတွက် မြေဆီ ဩဇာကို တိုးတက်စေနိုင်ခြင်း၊
နိုက်ထရိုဂျင်မြေဩဇာ အသုံးပြု ရန် မလိုတော့သဖြင့် နိုက်ထရို ဂျင် မြေဩဇာကို အခြားသီးနှံ များတွင် ပိုမိုသုံးစွဲနိုင်ခြင်း၊
ပဲမျိုးအလိုက် ၂၇ မှ ၄၈ ရာခိုင် နှုန်းအထိ အထွက်တိုးစေခြင်း၊
ပတ်ဝန်းကျင် လေထုညစ်ညမ်း မှုကိုလည်း မဖြစ်စေခြင်းနှင့် အပင်နှင့် သက်ရှိတို့၏ သဘာဝ ဂေဟစနစ်ကို ပြောင်းလဲ ဖျက်ဆီးခြင်း မပြုသောကြောင့် ပဲမြစ်ဖု ဇီဝမြေဩဇာများကို တောင်သူများ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး စိုက်ပျိုးရေး သုတေသနဦးစီးဌာနက မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်၊ ပဲစင်းငုံ၊ ကုလားပဲနှင့် ပဲလွမ်းတို့အတွက် သီးသန့်စီ ထုတ်လုပ်ဖြန့်ဖြူး ပေးခဲ့သည်မှာ ရှေးနှစ်ပေါင်း အတော်ကြာကပင် ဖြစ်ပေသည်။
စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ထုတ်လုပ်နေသော ပဲမြစ်ဖုဇီဝမြေဩဇာ တစ်ထုပ်သည် ၁၅၀ ဂရမ် အလေးချိန် ရှိပြီး ပဲမျိုးအလိုက် လေးပြည်အတွက် သုံးရန်ဖြစ်ပါသည်။ အရိပ်အောက်တွင် ဇီဝမြေဩဇာထုပ်များကို စိုက်ပျိုးမည့် မျိုးစေ့များပေါ်သို့ အထက်ပါနှုန်းအတိုင်း တွက်ချက်လောင်းချပြီး ရေစွတ်စိုရုံမျှထည့်ကာ သမအောင်မွှေပေးခြင်း၊ လူးနယ်ပြီး မျိုးစေ့များကို မစိုက်သေးပါက နေရောင်ခြည်နှင့် တိုက်ရိုက်မထိအောင် အရိပ်ထဲတွင် ထားခြင်းနှင့် မျိုးစေ့ချပြီးပါကလည်း မြေချက်ချင်းဖုံးပေးခြင်း စသည်ဖြင့် စနစ်တကျ အသုံး ပြုရန်လိုအပ်ပါသည်။ ပဲမြစ်ဖုဇီဝမြေဩဇာ ထဲတွင်ပါဝင်သော ရိုင်ဇိုဘီယမ် ဗက်တီး ရီးယားများသည် အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ပါက ရှင်သန်နိုင်မှုအားနည်းပြီး အကျိုးပြု စွမ်းအားလျော့ကျနိုင်သောကြောင့် ဇီဝမြေဩဇာထုပ်များကို အသုံးမပြုမီ ထားသိုရာတွင်လည်း ခြောက်သွေ့၍ အေးပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် သိမ်းဆည်းထားရမည် ဖြစ်သည်။

ယခုအခါ မိမိတို့ National Budget၊ ACIAR Project အကူအညီတို့ဖြင့် ယခင် Rhizobium Unit ကို စိုက်ပျိုးရေး အဏုဇီဝသုတေသန ဌာနစုတစ်ခု အဖြစ်သို့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပြီး အောက် ပါလုပ်ငန်းတို့တွင် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၎င်းတို့မှာ
အဏုဇီဝဓာတ်ခွဲခန်းကို Comp- act ဖြစ်အောင်နှင့် အဆင့်မြင့်သော ခေတ်မီဓာတ်ခွဲခန်းတစ်ခု ဖြစ်အောင် ပြန်လည်ပြုပြင်ဖွဲ့စည်း မွမ်းမံနိုင်ခဲ့ခြင်း၊
ဓာတ်ခွဲခန်းသုံး ခေတ်မီစက် ကိရိယာပစ္စည်းများ တိုးချဲ့ ဖြည့်တင်းနိုင်ခဲ့ခြင်း၊
သုတေသနနှင့် ထုတ်လုပ်မှုအရည် အသွေးစစ်ဆေးခြင်း ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ သင်တန်းများ အခြေခံပြီး ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ခဲ့ခြင်း၊
အရည်အသွေးပြည့်မီသော ပဲမြစ် ဖုဇီဝမြေဩဇာများ ထုတ်လုပ်ခြင်းနှင့် အရည်အသွေးစစ်ဆေး ခြင်းတို့အတွက် Standard Manual / Protocol အသစ်တစ်ခု ရေးဆွဲထုတ်လုပ်နိုင်ခဲ့ခြင်း၊
၂၀၁၈ အစောပိုင်းတွင် ISO 9001:2015 (QMS) အသိအမှတ် ပြုလက်မှတ် ရရှိခဲ့ခြင်းကြောင့် ၎င်း၏ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်လုပ်ကိုင်လျက်ရှိသော ဓာတ်ခွဲခန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိခြင်း။
အထက်ပါ အောင်မြင်မှုများနှင့်အတူ အကျိုးပြု စွမ်းအားကောင်းသောရေမြေ ရာသီဥတု အကျိုးပြု အဏုဇီဝသက်ရှိ များနှင့်ကိုက်ညီသော ဒေသမျိုးကွဲများ ရှာဖွေဖော်ထုတ်ကာ အရည်အသွေး ကောင်း ပဲမြစ်ဖုဇီဝမြေဩဇာများကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းပေး တင်ပြအပ်ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးအဏုဇီဝ သုတေသနဌာနမှ သုတေသနပညာရှင်များအနေဖြင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း၏ လမ်းညွှန်မှုအောက်တွင် ပဲမြစ်ဖု ဇီဝမြေဩဇာသာမက အခြားသော အကျိုးပြု အဏုဇီဝသက်ရှိများနှင့် အပင်များ၏ ဆက်စပ်မှုများကို လေ့လာသုတေသနပြုပြီး အကျိုးပြု အဏုဇီဝသက်ရှိများ၏ အခန်းကဏ္ဍ မြှင့်တင်ရေး၊ အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်ရေးတွင် ဇီဝမြေဩဇာများကို တောင်သူများ အကျိုးရှိစွာ အသုံးပြုစေခြင်းဖြင့် ကမ္ဘာပေါ်ရှိမြေများ၏ မတူကွဲပြားရှုပ်ထွေးနေသော ဂေဟစနစ်ကို ထိခိုက်ပျက်စီးမှုမရှိစေခြင်း၊ ဓာတုပစ္စည်းများသုံးစွဲမှုကို လျော့ကျစေခြင်း၊ ရေရှည်တည်တံ့သော မြေဆီလွှာ အာဟာရဓာတ်ကို ထိန်းသိမ်းထားနိုင်ခြင်းတို့ကို ဦးတည်ကြိုးစားဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။