ဒေါက်တာခင်မာမြိုင်နှင့် ဒေါက်တာသက်ရည်ခိုင် (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

 

မြန်မာနိုင်ငံ၏ စားသုံးဆီဖူလုံစေရန် ဆီထွက်သီးနှံနေကြာကို တိုးချဲ့စိုက်ပျိုးရာတွင် မျှော်မှန်းအထွက်ရရှိစေရေးအတွက် နေကြာသီးနှံတွင် ကျရောက်သောပိုးမွှား၊ ရောဂါကာကွယ်နှိမ်နင်းနည်းများကို သိရှိပြီး သတိပြုလိုက်နာ ဆောင်ရွက်ရန် လိုအပ်ပါသည်။ ပိုးမွှား၊ ရောဂါများကို စနစ်တကျကာကွယ် နှိမ်နင်းနိုင်ရန်အတွက် သီးနှံသက်တမ်း တစ်လျှောက် ပိုးမွှားများ၏ ကျရောက်ဖျက်ဆီးမှုအလေ့အထနှင့် ရောဂါများ၏ကူးစက်ပျံ့နှံ့မှုတို့ကို သိရှိထားရန်လိုအပ်ပါသည်။ နေကြာ သီးနှံတွင် ပိုးမွှား၊ ရောဂါကျရောက်ပါက အထွက်ကို ၂၅-၄၅ ရာခိုင်နှုန်းခန့်အထိ ထိခိုက်နိုင်ပါသည်။ ပိုးမွှား၊ ရောဂါများကို ဓာတုဆေးများ အလွန်အကျွံသုံး၍ ကာကွယ်နှိမ်နင်းပါက ပိုးမွှား၊ ရောဂါများသည် ဆေးယဉ်ပါးလာခြင်း၊ ပတ်ဝန်းကျင်ရေထု၊ လေထုကို ညစ်ညမ်းစေခြင်း၊ ကုန်ကျစရိတ်များခြင်း၊ စားသုံးသီးနှံများတွင် ဓာတ်ကြွင်းအာနိသင် ကျန်ရှိခြင်း၊ သဘာဝသားရဲကောင်များကို သေစေခြင်းတို့ကြောင့် ဓာတုဆေးများကို လိုအပ်မှသာ သုံးစွဲရမည်ဖြစ်ပါသည်။

 

ဖျက်ပိုးဆိုသည်မှာ  -    သီးနှံများ၏ အရည်အသွေး၊ အထွက်နှုန်းနှင့် မျိုးစေ့အပင်ပေါက်နိုင်စွမ်းတို့ကို ထိခိုက်ပျက်စီးစေပါသည်။ ဖျက်ပိုးတွင် ပိုးမွှား၊ ရောဂါ၊ ပေါင်း၊ ကြွက်၊ ခရု စသည်တို့ ပါဝင်ပါသည်။

 

ပိုးမွှားဆိုသည်မှာ - အပင်နှင့် အပင်ထွက်ပစ္စည်းများကို စားသောက်၊ ဖျက်ဆီးသည့်အပြင် ရောဂါများကိုပါ သယ်ဆောင် ပြန့်ပွားနိုင်သည့် သက်ရှိများ ဖြစ်ပါသည်။

 

အပင်ရောဂါဆိုသည်မှာ - အပင်၏ မူမှန်အခြေအနေမှ မူမမှန်အခြေအနေသို့ အကြောင်းတစ်ရပ်ရပ်ကြောင့် ပြောင်းလဲခြင်းကို ခေါ်ပါသည်။ မျက်မြင်အားဖြင့် မမြင်နိုင်သည့် အဏုဇီဝ သက်ရှိများဖြစ်သော မှို၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ နီမတုတ်တို့ကြောင့် ဖြစ်နိုင်သကဲ့သို့ အာဟာရချို့တဲ့မှုနှင့် ပတ်ဝန်းကျင်အခြေ အနေပြောင်းလဲမှုကြောင့်လည်း မူမမှန်‌ပြောင်းလဲခြင်းများ ဖြစ်တတ်ပါသည်။

 

သားရဲကောင်ဆိုသည်မှာ-         ဖျက်ပိုးများကို ရှာဖွေစားသောက်သည့်အကောင်များ ဖြစ်သည်။ သားရဲကောင် မျိုးစိတ်များသည် ဖျက်ပိုးများ၏ လောက်ကောင်ငယ်ဘဝနှင့် အကောင်ကြီးဘဝနှစ်မျိုးလုံးကို စားသောက်လေ့ရှိသည်။ သားရဲကောင်များတွင် ပိုးတောင်မာကျိုင်း၊ ပုစဉ်း၊ လင်ကောင်ပိုး၊ ပင့်ကူ၊ ပုရစ်၊ နှံကောင်မျိုးရင်းတို့ ပါဝင်ပါသည်။

 

နေကြာသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားများနှင့် ကာကွယ် နှိမ်နင်းနည်းများ

 

နေကြာသီးနှံတွင် ကျရောက်ဖျက်ဆီးသော ပိုးမွှားများမှာ နေကြာ ပွင့်စားပိုး (Head borer)၊ ခူမွေးရှည် (Common hairy caterpillar)၊ ပိုးနဂါး (Tobacco caterpillar)၊ ဖြုတ်စိမ်း (Jassids)၊ ပျပိုး (Aphids)၊ ကြွက်နှင့် ကြက်တူရွေး စသည်တို့ဖြစ်ပါသည်။

 

(၁) နေကြာပွင့်စားပိုး (Head borer)

 

ဖျက်ဆီးမှုလက္ခဏာ - နေကြာပင်ငယ်စဉ်တွင် ပိုးလောက်ကောင်သည် အရွက်များကို စားသောက်ဖျက်ဆီးတတ်ပါသည်။ အပင်ကြီးအဆင့်တွင် နေကြာပွင့်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အစေ့နုများကို စားသောက်ဖျက်ဆီး တတ်ပါသည်။ နေကြာပွင့်စားပိုး စားသောက်ဖျက်ဆီးသည့် ဒဏ်ရာမှတစ်ဆင့် မှိုများ ဝင်ရောက်ပေါက်ပွားလာပြီး နေကြာပွင့်မှာ ပုပ်၍ပျက်စီးသွားပါသည်။

 

ကာကွယ်နှိမ်နင်းနည်း - နေကြာပွင့်စားပိုးသည် ပိုးရုပ်ဖုံးအဆင့်တွင် မြေကြီးအတွင်း နေထိုင်သောကြောင့် မြေပြင်စဉ်တွင်ထယ်ရေး နက်နက်ထိုးရန် လိုအပ်ပါသည်။ စိုက်ခင်းအတွင်း ပင်ကြွင်းပင်ကျန်များကို ဖယ်ရှားရှင်းလင်းရပါမည်။ အပင်ဖြစ်ထွန်းပြီး နောက်ပိုင်း နေကြာရွက်တွင် ဥများစတင်တွေ့ပါက ထိသေ ပိုးသတ်ဆေးတစ်မျိုးမျိုး (ဥပမာ-ဆိုက်ပါမီသရင်) ဖြင့် ကာကွယ်နိုင်ပါသည်။ အပွင့်တွင် ဖျက်ဆီးမှုလက္ခဏာ တွေ့ရှိရပါကလည်း အလားတူဆေးဖျန်းနှိမ်နင်း နိုင်ပါသည်။

 

(၂) ရွက်စုံစားခူမွေးရှည် (Common hairy caterpillar)

 

ဖျက်ဆီးမှုလက္ခဏာ - ပိုးလောက်ကောင်ငယ်များသည် အရွက်အောက် မျက်နှာပြင်မှခြစ်၍ စားသောက် ဖျက်ဆီးတတ်ပါသည်။ ဖျက်ဆီးပါက အရွက်တွင် ဆန်ခါပေါက်များအဖြစ် တွေ့မြင်ရပြီး ပြင်းထန်စွာကျရောက်ပါက အရွက်ရိုးတံများသာ ကျန်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

 

ကာကွယ်နှိမ်နင်းနည်း - ဥမြုံများနှင့် ဥမှပေါက်စ ပိုးလောက်ကောင်များ ရှိသောအရွက်နှင့် အပင်များကို ဖယ်ရှားရှင်းလင်းရပါမည်။ ပိုးလောက်ကောင်များ စိုက်ခင်းအတွင်း ပျံ့နှံ့လာပါက ပင်လုံးပျံ့ ပိုးသတ်ဆေးတစ်မျိုးမျိုး (ဥပမာ− ဒိုင်မီသိုအိတ်၊ အက်ဆီဖိတ်) တို့ဖြင့် ဖျန်းရပါမည်။

 

(၃) ပိုးနဂါး (Tobacco caterpillar)

 

ဖျက်ဆီးမှုလက္ခဏာ - ပိုးလောက်ကောင်သည် ငယ်စဉ်တွင် အရွက်နုများ၊ အရွက်များပေါ်၌ အစုလိုက်၊ အပြုံလိုက်ကျရောက်၍ စားသောက်ဖျက်ဆီးတတ်ပါသည်။ စားသောက်ဖျက်ဆီးမှုပြင်းထန်ပါက အရွက်တွင် အဖြူရောင်အမြှေးပါးများသာ ကျန်ရှိသည်ကို တွေ့မြင်ရပါမည်။ ပိုးလောက်ကောင်ကြီးများသည် နေကြာစေ့ အနုများကိုလည်း စားသောက်ဖျက်ဆီးတတ်ပါသည်။

 

ကာကွယ်နှိမ်နင်းနည်း  -          ဥမြုံများနှင့် ဥမှပေါက်စ ပိုးလောက်ကောင် အစုအဝေးလိုက်ပါရှိသော အရွက်များနှင့် အပင်များကို ရှာဖွေဖျက်ဆီးရပါမည်။ ပိုးနဂါးကျရောက်ပါက ပင်လုံးပျံ့ ပိုးသတ်ဆေးတစ်မျိုးမျိုး (ဥပမာ− ဒိုင်မီသိုအိတ်) ဖြင့် နှိမ်နင်းနိုင်ပါသည်။

 

(၄) ဖြုတ်စိမ်း (Jassids)

 

ဖျက်ဆီးမှုလက္ခဏာ - ဖြုတ်စိမ်းများကျရောက်ပါက ပင်ရည်ကို စုပ်သောကြောင့် အရွက်များ အဝါဖျော့ရောင် ပြောင်းသွားပါသည်။ ပြင်းထန်စွာကျရောက်ပါက အရွက်များကုပ်နေသည်ကို တွေ့ရမည် ဖြစ်ပါသည်။

 

ကာကွယ်နှိမ်နင်းနည်း - အလန်း ၁၅ ဒဗလျူပီ၊ သန်းဒါး ၂၅၀ အီးစီ၊ ကဲ့သို့သော ပိုးသတ်ဆေးများကို ဖျန်းပက်ခြင်းဖြင့် ကာကွယ်နှိမ်နင်း နိုင်ပါသည်။

 

(၅) ပျပိုး (Aphids)

ဖျက်ဆီးမှုလက္ခဏာ - ပျပိုးအကောင်ငယ်နှင့် အကောင်ကြီးအဆင့်များ ကျရောက်ပါက ပင်စည်များနှင့် ပွင့်ချပ်များမှ ပင်ရည်ကိုစုပ်ယူ၍ စားသောက်ဖျက်ဆီးတတ်ပါသည်။ အရွက်များ အောက်ဘက်သို့ ကုပ်သွားပြီး အနီရောင်သို့ ပြောင်းသွားတတ်သလို ကျပ်ခိုးမှိုကျရောက်နိုင်ပြီး အရွက်များမည်းသွားနိုင်ပါသည်။

 

ကာကွယ်နှိမ်နင်းနည်း - နေကြာမျိုးစေ့ တစ်ကီလိုဂရမ်လျှင် မျိုးစေ့လူးနယ်ဆေး (အေမီဒါ ကလိုပရစ် 70 WP) ၁၀ ဂရမ်နှုန်းဖြင့် လူးနယ်၍ စိုက်ပျိုးရပါမည်။ ပင်လုံးပျံ့ပိုးသတ်ဆေး တစ်မျိုးမျိုးဖြင့် နှိမ်နင်းနိုင်ပါသည်။

 

(၆) ကြွက်

 

ဖျက်ဆီးမှုလက္ခဏာ - ကြွက်များသည် နေကြာမျိုးစေ့ချပြီးနှင့် အစေ့အဆန်တည်ချိန်တွင် စားသောက် ဖျက်ဆီးတတ်ပါသည်။ ကြွက်များ အဖွဲ့လိုက်၊ အစုလိုက် အပင်များပေါ်သို့တက်၍ နေကြာစေ့များကို စားသောက် ဖျက်ဆီးတတ်ပါသည်။ နေကြာတစ်ခင်းလုံးကို လျင်မြန်စွာ ဆုံးရှုံးပျက်စီးစေနိုင်ပါသည်။

 

ကာကွယ်နှိမ်နင်းနည်း - ကြွက်များကို ထောင်ချောက်များဖြင့် ကာကွယ်နိုင်ပါသည်။ ကြွက်များကို စားသောက်တတ်သော သားရဲကောင်များ (ဥပမာ−ခွေး၊ ကြောင်၊ လင်ကောင်ပိုး) ဖြင့်လည်း ကာကွယ် နိုင်ပါသည်။ လူအင်အားဖြင့်လည်း ဖမ်းဆီးနှိမ်နင်းနိုင်ပါသည်။ ကြွက်သတ်ဆေးတစ်မျိုးမျိုး (ဥပမာ−ဟက်ပီးကြွက်သတ်ဆေး)၊ ကြွက် မကြိုက်သော အနံ့အမျိုးမျိုးပေး၍ ကာကွယ်နိုင်ပါသည်။

 

(၇) ငှက်များ (ကြက်တူရွေး)

 

ဖျက်ဆီးမှုလက္ခဏာ -   ငှက်များ(ကြက်တူရွေး)သည် အစေ့စတည်ချိန်မှ ရိတ်သိမ်းချိန်အထိ စားသောက် ဖျက်ဆီးတတ်ပါသည်။

 

ကာကွယ်နှိမ်နင်းနည်း - ငှက်များ (ကြက်တူရွေး)ကို လူအင်အားဖြင့် ငှက်များအား ခြောက်လှန့်ခြင်း၊ ငှက်ဖမ်းပိုက်များ သုံးခြင်းဖြင့်လည်း ကာကွယ်ပေးနိုင်ပါသည်။

 

နေကြာသီးနှံတွင် ကျရောက်တတ်သော ရောဂါများနှင့် ကာကွယ် နှိမ်နင်းနည်းများ

 

အပင်ရောဂါဖြစ်စေရန် အဓိကအကြောင်းအရင်း သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ (၁) ရောဂါဖြစ်စေသောသက်ရှိ (ဥပမာ- မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်)၊ (၂) ခံနိုင်ရည်မဲ့သောမျိုးနှင့် (၃) ရောဂါဖြစ်စေရန် အားပေးသော ပတ်ဝန်းကျင်အခြေအနေတို့ ဖြစ်ပါသည်။ ထိုအကြောင်း သုံးချက်မှ တစ်ချက်ကို ထိန်းချုပ်ပေးနိုင်ပါက ရောဂါဖြစ်ခြင်းကို လျှော့ချနိုင်ပါသည်။ နေကြာသီးနှံတွင် ရောဂါဖြစ်စေသောသက်ရှိများသည် မြေ၊ ရေ၊ လေတို့မှတစ်ဆင့် ကူးစက်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အတွေ့များသော ရောဂါများမှာ နေကြာပင်ခြေပုပ်ရောဂါနှင့် နေကြာရွက်ခြောက်ရောဂါတို့ ဖြစ်ပါသည်။

 

(၁) နေကြာပင်ခြေပုပ်ရောဂါ (Sclerotium Stem Rot)

 

ရောဂါလက္ခဏာ -  စိုက်ခင်းအတွင်းတွင် ညှိုးနေသောအပင်များကို စတင်တွေ့ရှိရပါမည်။ ၎င်းအပင်များကို စစ်ဆေးပါက အပင်ခြေတွင် ညိုပုပ်သည့် ရောဂါလက္ခဏာအား တွေ့ရှိနိုင်ပါသည်။ အပင်ခြေတွင် အဖြူရောင် မှိုမျှင်များကိုလည်း မျက်စေ့ဖြင့်ပင် မြင်တွေ့နိုင်ပါသည်။ ရောဂါပြင်းထန်လာပါက တစ်ပင်လုံးညှိုး၍ သေဆုံးနေသည်ကို တွေ့ရှိ ရပါမည်။ ပင်ခြေပုပ်ရောဂါသည် ပူနွေးပြီးစိုထိုင်းဆများလာသည့် အချိန်တွင် လျင်မြန်စွာပျံ့နှံ့နိုင်ပါသည်။

 

ကာကွယ်နှိမ်နင်းနည်း - ရောဂါကင်းသောမျိုးစေ့ကို သုံးခြင်း၊ ထယ်ရေး နက်နက်ထိုးခြင်း၊ သီးလှည့်စိုက်ခြင်း၊ ရောဂါကျ ပင်ကြွင်းပင်ကျန် များအား မီးရှို့၊ ဖျက်ဆီးရှင်းလင်းခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။ စိုက်ခင်းတွင် အစိုဓာတ်မများစေရန် ဂရုစိုက်ပေးရပါမည်။ မျိုးစေ့ကို ရောဂါသတ်ဆေးများဖြစ်သော ဟိုမိုင်း၊ တော့ပ်စင်၊ မက်တယ်လဇီ ကဲ့သို့သော ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးရပါမည်။ အပင်ငယ် အဆင့်တွင် ကြက်သွန်ဖြူ စစ်ထုတ်ရည်ကို အသုံးပြုခြင်း၊ ထရိုင်ခိုဒါးမားတို့ကို မြေကြီးအတွင်း ထည့်ခြင်းတို့ဖြင့်လည်း ကာကွယ်နှိမ်နင်းနိုင်ပါသည်။ အပင်သက်တမ်းတစ်လျှောက် ဤရောဂါကျရောက်ပါက အထက်ဖော်ပြပါ ဆေးတစ်မျိုးမျိုးကို အသုံးပြု၍ နှိမ်နင်းနိုင်ပါသည်။

 

(၂) နေကြာရွက်ခြောက်ရောဂါ (Alternaria leaf blight)

 

ရောဂါလက္ခဏာ - အရွက်ပေါ်တွင် အညိုရင့်ရောင် အနာကွက်များကို စတင်တွေ့နိုင်ပါသည်။ နောက်ပိုင်းတွင် ရွက်ညှာများပေါ်အထိ ပျံ့နှံ့သွား ပြီး ပင်စည်ပေါ်သို့ ကူးစက်သွားနိုင်ပါသည်။ အရွက်တစ်ခုလုံးခြောက်ခြင်း၊ ပင်စည်နှင့် ပန်းပွင့်တစ်ခုလုံးပုပ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။ ရောဂါပြင်းထန်လာပါက အရွက်များ လျင်မြန်စွာခြောက်သွေ့ပြီး သေဆုံးနိုင်ပါသည်။

 

ကာကွယ်နှိမ်နင်းနည်း - ရောဂါကျပင်ကြွင်းများနှင့် ပေါင်းမြက်များကို သုတ်သင်ရှင်းလင်းပေးရပါမည်။ သီးလှည့်စိုက်ပျိုးပေးရပါမည်။ မျိုးစေ့ကို ဟိုမိုင်း/ ထရိုင်ခိုဒါးမားဖြင့် လူးနယ်စိုက်ပျိုးရပါမည်။ ရောဂါ လက္ခဏာစတွေ့ရပါက မှိုသတ်ဆေးတစ်မျိုးမျိုး (ဥပမာ- မန်ကိုဇက်)၊ ထရိုင်ခိုဒါးမားမှိုတို့ကို အသုံးပြု၍ ပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ပါသည်။

 

နေကြာသီးနှံတွင် ပိုးမွှား၊ ရောဂါ ကျရောက်ဖျက်ဆီးပါက သတ်မှတ် ရိတ်သိမ်းအပင်ဦးရေ မရရှိခြင်း၊ တစ်ပွင့်ပါအောင်စေ့ လျော့နည်းခြင်း၊ အစေ့တစ်ထောင်အလေးချိန် လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ တစ်ဧကမျှော်မှန်းအထွက် ရရှိရန် ပိုးမွှား၊ ရောဂါများကျရောက်ခြင်းမှ အထူးသတိပြု ကာကွယ်နှိမ်နင်းသွားရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

 

ကျမ်းကိုးစာရင်း

- ထွန်းဆိုင်နှင့် ခင်မာမာနွယ်။ ၂၀၁၁ ခုနှစ်။ နေကြာစိုက်ပျိုးရေး၊ သစ်တော၊မွေးမြူရေးနှင့် ရေလုပ်ငန်းပညာရှင်များအဖွဲ့

- Chattopadhyay.C., S.J.Kolte and F.Waliyar. (2016). Disease of Edible Oilseed Crops., CRC Press, Taylar & Francis Group, Boca Raton London New York.