မိုးမိတ် မေ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စုစုပေါင်းငွေကျပ်သိန်း ၁၂၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) အား ကျေးရွာ ၁၂ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၁၂ ရွာမှာ ပုန်းထွန်၊ မန်ကောင်၊ တုန်ခေး၊ ပန်ဟိုင်း၊ မန်ပေါင်၊ ပြိန်းဆန်း၊ ဘော်ဒေ(ဈေး)၊ ကင်းချောင်း(ဈေး)၊ နဘူး(လီဆူ)၊ တဲကြီးကုန်း၊ ကင့်နွယ်၊ မိုးလိုကျေးရွာများဖြစ်ပြီး ယင်းကျေးရွာများတွင် ကျေးရွာတစ်ရွာလုံး ဖွံ့ဖြိုးရေးအတွက် ကျေးရွာတစ်ရွာ၏ လိုအပ်ချက်နှင့် အခွင့်အလမ်းများအပေါ် အခြေခံရေးဆွဲထားသည့်လုပ်ငန်းများ၊ ကျေးရွာပြည်သူလူထု ကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်များဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံ ပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းက ပြောသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဝင်များဝင်များနှင့်အတူ ကျေးရွာများ ရွေးချယ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျေးရွာစီမံကိန်းကော်မတီများ ဖွဲ့စည်းခြင်း၊ သင်တန်းပေးခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာများတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းလုပ်ငန်းရှစ်ခုနှင့် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်းလေးခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာများ၏ သဘောဆန္ဒအရ ပဏာမရွေးချယ်ထားပါကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းက ဆက်လက်ပြောပြ၍ သိရသည်။

 

စိုးမိုးကျော်