(၂၀၂၂ ခုနှစ်၊ မေလ  ၉  ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

===================

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)” အခြေအနေ

(၁)       ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး  ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ အိန္ဒိယနိုင်ငံ ပို့ပလဲယား(Port Blair)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့ (Vishakhapatnam)၏ အရှေ့တောင်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်၊ ပူရီမြို့ (Puri)၏ တောင်-အရှေ့တောင်ဘက် ရေမိုင်(၃၅၀)မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၂၅)မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်တောင် ဘက် ရေမိုင် (၅၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

(၂) အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”သည် မြန်မာစံတော်ချိန်(၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၄.၀) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၁)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၉) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၆၅)မိုင်မှ မိုင်(၇၀)နှုန်းခန့် ဖြစ်သည်။

နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး (၁၀.၅.၂၀၂၂)   ရက်နေ့ တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း ကမ်းလွန်-ဩရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်သည်။ ထိုမှတစ်ဆင့် မြောက်-အရှေ့ မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းလွန်)သို့ရောက်ရှိကာ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) “အာစန်နီ(Asani)”အဖြစ်သို့ တဖြည်းဖြည်းအားလျော့သွားနိုင်သည်ဟု ခန့်မှန်းရသည်။

သတိပေးနှိုးဆော်ချက် 

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၁၃.၅.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၈)ပေမှ (၁၂)ပေခန့်ရှိ နိုင်သည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ အဆိုပါအားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “အာစန်နီ (Asani)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန