နေပြည်တော် မေ ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်မြို့၊ ညောင်ဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ထားကိုးကွယ်လျက်ရှိသော မဟာအမိတလောကရံသီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှစ်(၁၀၀)ပြည့် ဗုဒ္ဓပူဇနိယပွဲတော် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါဘုရားကြီး၌ ပြုလုပ်သည်။
အခမ်းအနားတွင် လက်ပံတန်းမြို့၊ ဘုရားငါးဆူပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဓမ္မာနု ဓမ္မမဟာဒွါရနိကာယမဟာ နာယက (သာသနာပိုင်) နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဝရသာမိ မဟာထေရ် မြတ်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော် အရှင်သူမြတ် (၅၄)ပါးတို့က ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ နန်းမြင့်နွယ်(ညောင်လေးပင်) ရေးသားပူဇော်အပ်သော “ဗုဒ္ဓပူဇာ နှစ်တစ်ရာ” တေး ထပ်လွှာကို ဒေါ်ရွှန်းလဲ့အောင်က သီဆိုပူဇော်ပြီးနောက် သံဃာတော် အရှင်သူမြတ်တို့ထံ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။ ထို့နောက် နန်းမြင့်နွယ် (ညောင်လေးပင်) ရေးသားပူဇော်သော “ဖန်ဝါနေတနှုံး တင့်ခဲ့ပြီ” မဟာမင်္ဂလာရတုပိုဒ်စုံကို ဆရာမ ဒေါ်ရွှန်းလဲ့အောင်က စောင်း- ကိုပြည်ချစ်နှင့် တွဲဖက်၍ သီဆိုပူဇော်သည်။
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တဝရသာမထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ တက္ကသိုလ် ရွှန်းလဲ့အောင်တေးဂီတအဖွဲ့က ဧည့်ခံဖျော်ဖြေပြီး ဧည့်ပရိတ်သတ်များကို သုံးဆယ်မုန့်ဟင်းခါး၊ အချိုရည်ထမင်းဟင်းလျာများဖြင့် ဧည့်ခံကျွေးမွေးသည်။
မဟာအမိတလောကရံသီ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပလ္လင်တော်(၁၀)ပေ ဉာဏ်တော် (၂၈)တောင်ဖြင့် ၁၂၈၄ ခုနှစ်က တည်ထားကိုးကွယ်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် ဦးဇေါတိပါလမှစတင်၍ ယခုပဉ္စမမြောက် ဆရာတော် ဦးဣဒ္ဓိမန္တအထိ ကျောင်းထိုင်ဆရာတော် (၅)ဆက်တိုင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်