နေပြည်တော် မေ ၉
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က စီးပွားရေး ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အဓိကအဟန့်အတားဖြစ်စေသည့် တရားမဝင်ကုန်သွယ်မှုများသည် ခေတ်အဆက်ဆက် အမြဲမပြတ် ပေါ်ပေါက်လျက်ရှိပါကြောင်း၊ တရားမဝင် ကုန်သွယ်မှုများကြောင့် အဂတိလိုက်စားမှုများ ကြီးထွားလာခြင်း၊ Commercial Crime များ ပေါ်ပေါက်လာပြီး Rule of Law ကို ထိခိုက်လာနိုင်ခြင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများဆုံးရှုံး စေနိုင်ခြင်း၊ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းစေခြင်း၊ စားသုံးသူ ပြည်သူလူထုအပေါ် အန္တရာယ် ကျရောက်စေနိုင်ခြင်း၊ အမျိုးသားလုံခြုံရေးနှင့် ကျန်းမာရေးတို့ကို ထိခိုက်ပျက်ပြားစေခြင်း စသည့်ဆိုးကျိုးများစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန် (၁၃) ရပ်အနက် နောက်ဆုံးအချက်ဖြစ်သော တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ မဟာဗျူဟာနှင့် လမ်းညွှန်ချက်များအပေါ် လုပ်ငန်းစီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်း၊ လေ့လာစောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အစီရင်ခံခြင်းများ ဆောင်ရွက်နိုင်ရန် အမြဲတမ်းရုံးအဖွဲ့ တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ယင်းရုံးအဖွဲ့တွင် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ အချိန်ပြည့် ပူးပေါင်းဆောင် ရွက်ခြင်းတို့ကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်လျက်ရှိသည့် ဌာနများမှ ဝန်ထမ်းများအနေဖြင့် ဆက်စပ်ဌာနများ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပိုမိုကျေညက်စွာ သိရှိစေရန်နှင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများကို ယခုထက်ပိုမို၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးနှင့်အထက်အဆင့်ရှိသော နည်းပြများက ပို့ချဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာ အရာရှိကြီးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား (၃၀) တက်ရောက်မည်ဖြစ်ကာ သင်တန်းကာလ ရက်သတ္တ နှစ်ပတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်