နေပြည်တော် မေ ၉  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာအုပ်စု၊ မံရွတ်ကျေးရွာ တံတားအနီး၊ ဗန်းမော် - မန္တလေးသွား ကားလမ်းတွင် မြတ်အောင် မောင်းနှင်ပြီး နော်လွမ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၃၅,၁၀၀ နှင့် မြန်မာငွေကျပ် ၂ ဒသမ ၅ သိန်းတို့ကိုလည်းကောင်း၊ မေ ၇ ရက်  ညနေ ၃ နာရီခွဲတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊  အမှတ် (၁) ရပ်ကွက်နေ မောင်ဟန်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဇေယျာဖြိုး (ခ) ကိုကို၊ တင်ကိုကို၊ ဟန်ကိုဦး (ခ) စောငကင်းတို့ လေးဦးကို တွေ့ရှိရပြီး စိတ်ကြွရူး သွပ်ဆေးပြား ၅,၄၀၀၊ ဆေးခြောက် သုည ဒသမ ၀၂၄၈ ကီလိုနှင့် အိုက်စ် သုည ဒသမ ၀၁၂၂၄ ကီလိုတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထိုနေ့ ည ၈နာရီခန့်တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်နေ စိုးမင်းသူ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၃၀၄ ပြား ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား