နေပြည်တော် မေ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နေ ဗလကြီး (ခ) အောင်ဗလ က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ ဦး --- ၊ ၃၀ နှစ်ကို ကျားဖောင်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ပါက တစ်လငွေကျပ် ရှစ်သောင်းရမည်ဟု စည်းရုံးပြောဆို၍ ကျားဖောင်လုပ်ငန်းသို့ ပို့ဆောင်ကာ ကြိုတင်ငွေကျပ် ခြောက်သိန်း ထုတ်ယူ၍ လုပ်အားခများအား ခေါင်းပုံဖြတ်ရယူခဲ့သဖြင့် ဒလမြို့မရဲစခန်း၊ (ပ) ၁၀၅၁/ ၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး တောင်ပိုင်း ခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မေ ၅ ရက်တွင် တရားခံ ဗလကြီး (ခ) အောင်ဗလ အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ အရ အလုပ်နှင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ် ခဲ့ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ မပိုင်ပိုင်စိုး (ခ) မစိုးစိုးနှင့် တောသားကြီး (ခ) တင်ကိုဦး တို့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မ --- ၊ ၁၈ နှစ်ကို တရုတ်နိုင်ငံတွင် ဆံပင်ညှပ်သည့် အလုပ်လုပ်ကိုင်ပါက တစ်လ ငွေကျပ် (၁၅) သိန်း ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသား ကျိန်ယိဆိုသူထံ ပို့ဆောင်၍ ငွေကျပ်သိန်း (၆၀) ဖြင့် ရောင်းစားကာ ငွေကြေး အကျိုးအမြတ်များ ရယူခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်း (ပ) ၉၃၉ / ၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင် တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ မပိုင်ပိုင်စိုး (ခ) မစိုးစိုးနှင့် တောသားကြီး (ခ) တင်ကိုဦး တို့ကို မေ ၆ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂အရ အလုပ်နှင့် ထောင်ဒဏ် တစ်ဆယ်နှစ်စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်