နေပြည်တော်၊ မေ ၉

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏  ဦးဆောင်မှုဖြင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၌ “ဒုတိယအကြိမ်မြောက် အကောင်းဆုံး ခရီးသွားလုပ်ငန်းကျေးရွာ-၂၀၂၂” အဆိုပြုလျှောက်ထားခြင်းနှင့်စပ်လျဉ်းသည့် “Briefing Session of Best Tourism Villages by UNWTO” အွန်လိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
    
အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ နယ်ရုံးခွဲတာဝန်ခံများက အွန်လိုင်းမှ ပါဝင်တက် ရောက်ကြသည်။ 

အဆိုပါ အစည်းအဝေးကို အကောင်းဆုံး ခရီးသွားလုပ်ငန်း ကျေးရွာအစီအစဉ်တွင် မြန်မာနိုင်ငံရှိ အလားအလာကောင်းသော ကျေးလက်ခရီးစဉ်ဒေသများ ယှဉ်ပြိုင်နိုင်ရေးအတွက် အွန်လိုင်း လျှောက်လွှာတင်သွင်းခြင်း၊ ပါဝင်ယှဉ်ပြိုင်မည့် ကျေးရွာများမှ တင်ပြရမည့် အစီအစဉ်များ၊ လျှောက်လွှာ တင်သွင်းရာတွင် လိုအပ်သည့် သတင်းအချက်အလက်များ စသည်တို့ကို ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့်လည်း အကောင်းဆုံး ခရီးသွားကျေးရွာ အစီအစဉ်အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပါဝင်လျှောက်ထားရယူ နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်နေရေးအတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် လိုအပ်သည်များအား ဆက်လက် ကူညီပေးစေလိုပါကြောင်း ပြောကြားသည်။ 

ဆက်လက်၍ အစီအစဉ်အရ အာရှနှင့်ပစိဖိတ်ဒေသတွင်းဌာန၏ ညွှန်ကြားရေးမှူး Mr. Harry Hwang က အကောင်းဆုံး ခရီးသွားလုပ်ငန်းကျေးရွာအစီအစဉ်ကို ၂၀၂၁ ခုနှစ်မှ စတင်၍ ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၀) နိုင်ငံမှ ရွာပေါင်း (၄၄) ရွာကို အကောင်းဆုံး ခရီးသွားလုပ်ငန်းကျေးရွာများအဖြစ် သတ်မှတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသော အွန်လိုင်းအစည်းအဝေးမှာ ဒုတိယအကြိမ်မြောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများမှ ကောင်းမွန်သော အခွင့်အရေးများ ရရှိအောင် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း နှုတ်ခွန်းဆက် ပြောကြားသည်။     

ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားဈေးကွက် ထောက်လှမ်းခြင်းနှင့် စွမ်းဆောင်ရည်ဌာနမှ အကြီးအကဲ Ms. Sandra Carvao က အကောင်းဆုံး ခရီးသွားကျေးရွာ အစီအစဉ် ဖော်ဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ အစီအစဉ်မှ ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ အကောင်းဆုံး ခရီးသွားကျေးရွာရရှိရေး လျှောက်ထားရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အကဲဖြတ်မှုများ၊ ရွေးချယ်ရေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ထည့်သွင်းတင်ပြရမည့် အချက်များနှင့် ပြိုင်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်