နေပြည်တော် မေ  ၉  

ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ASANI ဖြတ်သန်းရာ ခန့်မှန်းလမ်းကြောင်းနှင့် ဆက်စပ် သတင်းအချက်အလက်များကို အခြေခံ၍ လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့  နံနက် ၁၀ နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနသို့ ရောက်ရှိကာ  မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များ၊ နိုင်ငံတကာ မိုးလေဝသ Website များမှ အချက်အလက်များကို ရယူ၍ လိုအပ်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  သွားရောက် ကြည့်ရှုစစ်ဆေးသည်။ 

ယင်းသို့ ကြည့်ရှုစစ်ဆေးစဉ် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “အာစန်နီ(Asani)” ၏ တည်နေရာ၊ ဗဟိုလေတိုက်နှုန်း၊ မုန်တိုင်း ဖြတ်သန်းမည့် ခန့်မှန်းရွေ့လျား လမ်းကြောင်းများနှင့်တကွ ဆိုင်ကလုံးမုန်တိုင်း၏ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မှု အခြေအနေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဌာနကြီးမှူး ဒေါ်သီရိမောင်က ရှင်းလင်းတင်ပြရာ အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက်တင်ပြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မုန်တိုင်းဖြစ်ပေါ်နေစဉ် အချိန်ကာလအတွင်း မုန်တိုင်းဖြတ်သန်းမည့် ခန့်မှန်းလမ်းကြောင်းကို နေ့ရက်အချိန်အလိုက် စဉ်ဆက်မပြတ် စောင့်ကြည့်စေလိုကြောင်း၊ သို့မှသာ မုန်တိုင်းလမ်းကြောင်း ပြောင်းလဲမှုနှင့် သက်ရောက်မှုကို အချိန်မီ သိရှိနိုင်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း “အာစန်နီ (Asani)”၏ သတင်းအချက်အလက်များကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌထံသို့ အချိန်နှင့်တပြေးညီတင်ပြရန်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆက်လက်ဖြန့်ဝေပေးရန် လိုအပ်ကြောင်း၊ ယခုမုန်တိုင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများ၊ လိုအပ်သော သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ယခုဖြစ်ပေါ်နေသည့်မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ဖြတ်သန်းနိုင်ခြေ နည်းပါးသော်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မုန်တိုင်းဒီရေ မြင့်တက်လာခြင်းများ ကြုံတွေ့လာနိုင်သည်ဖြစ်ရာ မုန်တိုင်း သက်ရောက်နိုင်ခြေရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် မုန်တိုင်းနှင့် စပ်လျဉ်း၍ ပြည်သူများ သတိပြုမိနိုင်ရေးအပါအဝင် လိုအပ်ပါက တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်နိုင်ရေး အသိပေးရန် လိုအပ်ကြောင်း မှာကြားသည်။ 
 
မွန်းလွဲပိုင်းတွင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်မှု မိတ်ဆက်ခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က အမှာစကား ပြောကြားပြီး၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် (ယာယီဗဟို အလုပ်အမှု ဆောင်အဖွဲ့) ဥက္ကဋ္ဌ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။                                                        

မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် (ယာယီဗဟို အလုပ်အမှုဆောင်အဖွဲ့)၊ မသန်စွမ်းအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကနဦးစီမံကိန်းနယ်မြေ (၄) ခု ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တို့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရရှိလာသည့် အတွေ့အကြုံ၊ သင်ခန်းစာနှင့် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်၍ တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ 

သတင်းစဉ်